ဟောင်ကောင်နှင့်ထိုင်ဝမ်မှာ တီယန်မဲန်ရင်ပြင်အထိမ်းအမှတ်ပွဲ ကျင်းပ

တရုတ်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူတွေသေဆုံးခဲ့ရတဲ့၂၃ နှစ်မြောက် တီယန်နန် ရင်ပြင် နှစ်ပတ်လည်အခမ်းအနားကို ဟောင်ကောင်မှာကျင်းပပြီး ထောင်ချီတဲ့ပြည်သူတွေ တက်ရောက် ခဲ့ကြပါတယ်။ တနင်္လာနေ့က ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ပြီး ဇွန်လ ၄ ရက်ကို ဘယ်တော့မှ မမေ့ဘူး။ ဒီမိုကရေစီစနစ် အဓွန့်ရှည်ပါစေ - စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

အလားတူ တိုင်ဝမ်ကျွန်းရဲ့ မြို့တော်တိုင်ပေမှာလည်း တီယန်မန်အောက်မေ့ဖွယ်အခမ်းအနားကို ရာချီတဲ့ ဆန္ဒပြသူတွေက ကျင်းပခဲ့ကြပါတယ်။

ဟောင်ကောင်နဲ့တိုင်ဝမ်မြို့က တီယန်မန်ရင်ပြင် အခမ်းအနားတွေကျင်းပနိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံထဲ မှာတော့ ကျင်းပခွင့်မရခဲ့ပါဘူး။ တရုတ်ရဲ့ အင်တာနက်စိစစ်ရေးကလည်း ဒီအခမ်းအနားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။ အလားတူပဲ ရှန်ဟိုင်း စတော့ခ်ဈေးကွက်နဲ့ပတ်သတ်တာကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။ ကိန်းညွှန်းဂဏန်းတွေထဲမှာပါတဲ့ ၆၄.၈၉ ဆုံမှတ်နဲ့ တရုတ်မိုက်ခရို ဘလော့ခ်တွေရဲ့ လျှို့ဝှက်ဂဏန်းတွေနဲ့ ဆက်စပ်လိုက်ရင် ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်ဆိုတဲ့ ပြက္ခဒိန်ရက်စွဲ ထွက်ပေါ် လာနိုင်တဲ့အတွက်ဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းက ၁၉၈၉ ခုနှစ် တီယန်မန်ရင်ပြင်အရေးအခင်းမှာ ပါဝင်လူပ်ရှားခဲ့ပြီး အခုချိန်အထိ အကျဉ်းချခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန်နိုင်ငံကတောင်းဆိုတဲ့ အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးအကျယ် မကျေမနပ်ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိင်ငံခြားဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး တရုတ်အစိုးရကိုဆန့်ကျင်တဲ့ အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရက သတင်းထောက်တွေကိုတွေ့ဆုံတဲ့အချိန် မက်ဒရင်းဘာသာနဲ့ထုတ်လွှင့်တဲ့ ဗွီအိုအေအမေရိကန်အသံရဲ့ မေးမြန်းချက်ကိုတုံ့ပြန် ဖြေဆိုသွားပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေဟာ ဘေဂျင်းမြို့ရဲ့ မြို့လည်ခေါင်ဖြစ်တဲ့ တီယန်မန်ရင်ပြင်မှာ စုရုံးနေကြတဲ့ တရုတ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြသူတွေကို တင့်ကားတွေ အကူအညီနဲ့ အကြမ်းဖက်လူစုခွဲခဲ့တာဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လူစုခွဲမှုမှာ ထောင်ချီတဲ့ပြည် သူတွေ သေဆုံးခဲ့ရတဲ့အတွက် ကမ္ဘာတဝှမ်းက တုန်လူပ်ခဲ့ရပါတယ်။