ရန်ကုန် မူစလင်တချို့ ဆန္ဒပြ

An unmanned Delta 4 Heavy rocket lifts off from Vandenberg Air Force Base in California, USA, to put a classified satellite into orbit for the National Reconnaissance Office.

ရန်ကုန်မြို့မှာ ဇွန်လ ၅ ရက်၊ အင်္ဂါနေ့ နေ့လယ်ပိုင်းက အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြ တာကြောင့်ရယ်၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့တွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တရားဥပဒေ အရ စုံစမ်းစစ်ဆေးပြီး အပြစ်ပေး အရေးယူဖို့ရယ် တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ ရက်နေ့တုန်းကတော့ ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီးက အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် VOA ရုံးခွဲကနေ မေးမြန်း စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

---à ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေပိုင်းက တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အကြမ်းဖက် သတ်ဖြတ် ခံခဲ့ရပြီးတဲ့နောက် ဒီကနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ မေလ ၂၈ ရက်နေ့က ရမ်းဗြဲ မြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ် ၃ ယောက်က အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက် တဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ တောင်ကုတ်က အကြမ်းဖက် သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ သတင်း ခေါင်းစဉ်ပါ အသုံးအနှုန်း အပေါ် ရန်ကုန်မြို့ခံ အစ္စလာမ်ဘာသာဝင်တွေ မကျေမနပ်ဖြစ်ခဲ့ကြ တာပါ။ ဆန္ဒပြသူတွေက တရားဥပဒေ စိုးမိုးရေးဆိုတဲ့စာတမ်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြရာနေရာဆီသွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး က ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ သတင်းစာအသုံးအနှုန်းမှာ မူစလင်ကုလားဆိုပြီး သုံးတာကိုဗျာ။ အဲဒါက နိုင်ငံတော် လဝက ရဲ့ စည်းမျဉ်းဥပဒေမှာလည်း အဲလို အသုံးမျိုး ရှိမှ မရှိတာဗျ။ ခု သုံးတဲ့ အသုံးအနှုန်းက တမင်တကာ ချိုးဖဲ့ ချိုးနှိမ်ပြီး သုံးတဲ့အပေါ်မှာတော့ မကျေမနပ် ဖြစ် ကြတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာက အစ္စလာမ် ဘာသာဝင် ၁၀ယောက် အသတ်ခံလိုက်ရတဲ့ကိစ္စကိုလည်း ဥပဒေ ကြောင်း အရ အရေးယူပေး ဖို့ပေါ့ဗျာ။ နောက်တခါ ဒီ ရခိုင်အမျိုးသမီးလေးကို မတရားကျင့်ပြီး စော်ကားသွားတဲ့ဟာကိုလည်း တိတိ ကျကျ အရေးယူဖို့ ဒါကို ပြောတာပါ။”

ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်ဖို့နဲ့ ခံစားမှုတွေကို ရှေ့တန်းတင်ပြီး လုပ်ကြမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင် မှာမဟုတ်တဲ့အတွက် ဆန္ဒပြတာကို ရုပ်သိမ်းပေးဖို့ သွားရောက် မေတ္တာရပ်ခံခဲ့ပါတယ်လို့ ကိုမြအေးကပြောပါတယ်။

“အမုန်းတရားတွေကို ရှေ့တန်းတင်ပြီး ဒီပြဿနာတွေကို ဖြေရှင်းကြမယ်ဆိုရင် အမှန်တရားတခုကို ကျနော်တို့ ရနိုင်မှာ မဟုတ် ဘူးလေ၊ အဲဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဆန္ဒပြတဲ့ဟာကို ရုပ်သိမ်းပေးဖို့ကို ကျနော်သွားပြီး မေတ္တာရပ်ခံတာပါ။”

ဇွန်လ ၄ ရက်နေ့မှာ တောင်ကုတ်က အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့ တနေ့တည်းမှာပဲ ပြည်ထောင်စု အစိုးရအဖွဲ့ သာသနာရေး ဝန်ကြီး သူရဦးမြင့်မောင်ဟာ သမ္မတရဲ့ညွှန်ကြားချက်အရ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ရန်ကုန် မြို့မှာ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့ပါ တယ်။ တွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တဦးက သာသနာရေးဝန်ကြီး ပြောဆိုသွားတာတွေကို ဗွီအိုအေကို ပြန်ရှင်းပြပါတယ်။

“သူ့ပြောကြားချက်အရဆိုရင် သမ္မတကြီးက ဒီကိစ္စနဲ့ပတ်သက်လို့ အင်မတန်မှ စိတ်မကောင်းဖြစ်ပါတယ်၊ ဒါကြောင့် သူ့ကို နေပြည်တော်က ၃နာရီမှာ ချက်ချင်း ရန်ကုန်ကို စေလွှတ်ပါတယ်၊ ကျနော်တို့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများအားလုံးနဲ့ တခြားဘာသာရေးအသင်းအဖွဲ့များကို ခေါ်ပြီးတော့၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းပြပြီးတော့ သမ္မတကြီးက စိတ်မကောင်း ဖြစ် တယ်ဆိုတဲ့အကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့ စုံစမ်းဖော်ထုတ်သွားမယ် ဆိုတဲ့ အကြောင်း၊ နောက် နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးဖို့ အကြောင်းတွေကို မှာကြား သွားပါတယ်။ အေးချမ်းသာယာရေးအတွက်ကတော့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို၊ အစ္စလာမ်အဖွဲ့အစည်းမှာလည်း တာဝန်ရှိတယ်လေ၊ အဲဒီအတွက်ကတော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဖျက်အမှောက်ဖြစ်တာကိုတော့ လက်မခံဘူး လေ။ ဒီတော့ ကျနော်တို့ ဒါကို ထိန်းသိမ်းမှာပါ။ အဓိကကတော့ ကျနော်တို့က ကိုယ့်ဘာသာဝင်တွေကို အဓိကထားပြီး ထိန်းသိမ်းသွား မှာပါ”

စစ်တွေမြို့မှာလည်း ဇွန်လ ၄ ရက် ညပိုင်းက အကြမ်းဖက်မှုဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ကာကွယ်နိုင် ခဲ့ပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့ထိ၊ အကြမ်းဖက်ဖြစ်ရပ်တွေကို တရားဥပဒေနဲ့အညီ ပြေလည် စွာ ဖြေရှင်းနိုင်တဲ့ အချိန်ထိ ရပ်မိရပ်ဖတွေနဲ့ တာဝန် ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအစီအမံတွေလုပ်သွားဖို့ စီစဉ်ထားတယ်လို့ စစ်တွေမှာရှိနေတဲ့ ရခိုင်ပြည်နယ်၊ အမှတ် (၁) မဲဆန္ဒ နယ်မြေရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

“မနေ့ညက အစ္စလာမ်ဘာသာဝင်တွေ နေတဲ့ နေရာတွေကို လုံခြုံရေးနည်းနည်း ထားပါတယ်။ ဗုဒ္ဓ ဘာသာဝင်တွေနေတဲ့နေရာနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေတဲ့နေရာ အစပ်လေးတွေကို ချထားပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဘက်က ဒီဘက်ကို တခုခု ကိုယ်ထိလက်ရောက် လုပ်မယ့် သဘောလေးတွေ၊ တွေ့တဲ့အခါကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေက ကြိုတင်ပြီး တားဆီးနိုင်တဲ့ သဘောလေးတွေ ရှိတာပေါ့၊ အဲလိုမျိုး ထိစပ်တဲ့ ရပ်ကွက်လေးတွေ ရှိတယ်၊ အဲဒါတွေကိုတော့ ဒီကနေ့ ကျနော်တို့ အစည်းအဝေး လုပ်ကြတာ ရှိပါတယ်။ လုံခြုံရေးအရ ရှာဖွေတာတို့ တားဆီးကာကွယ်တာတို့ ဘာတို့ ရပ်မိ ရပ်ဖတွေနဲ့ လုပ်နိုင်အောင်ဆိုပြီးတော့ ညှိနှိုင်းနေကြတာ ရှိပါ တယ်။ စနစ်တကျကတော့ လုံခြုံရေးဖွဲ့စည်းတာတွေ လုပ်သွားမှာပါ”

ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေထဲမှာတော့ ကျောက်နီမော်ရွာသူ မသီတာထွေးကို သတ်ဖြတ် မှု ကျူးလွန်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိတယ် လို့ ရေးထားသလို တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အသတ်ခံရတဲ့ဖြစ်ရပ်ကိုလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါကတော့ ဇွန်လ ၅ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြတာကြောင့် ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဒီကနေ့ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး၊ VOA ဘန်ကောက်ရုံးခွဲကနေ ကိုကျော်ကျော်သိန်း ပြောပြခဲ့တာပါ။

နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမ အနီး တဝိုက်က လမ်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ညနေပိုင်းမှာ ပိတ်ပစ်ခဲ့ပြီးတော့ လူ အသွား အလာတွေ ကိုလည်း ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ပြဿနာ မကြီးထွားစေဖို့နဲ့ ခရီးသွားအများပြည်သူ အနှောင့်အယှက် မဖြစ်စေဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒုတိယရဲမှူးကြီး သက်လွင် ကို ကိုးကားပြီး ပြည်တွင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အခု ဒီအသံလွှင့်ချိန် မတိုင်ခင်မှာတော့ ဆန္ဒပြသူတွေ လူစုကွဲ သွားပြီ ဖြစ်ပြီးတော့ အခြေအနေ တည်ငြိမ်သွားပြီး ပိတ်ထားတဲ့လမ်းတွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။