စစ်တွေအခြေအနေ မထိန်းနိုင်သေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေ ဆက်ဖြစ်နေပြီး အိမ်တွေကို မီးရှို့တာတွေ၊ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားကြတာတွေ ရှိနေဆဲပါ။ ရန်ကုန်မြို့ကနေ ရဲတပ်ရင်းတခု စေလွှတ် ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေပေမဲ့ မတည်မငြိမ် ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ဒေသခံ တွေ ဒုက္ခ ရောက်နေကြပြီး သာမန် အရပ်သူ အရပ်သားတွေအနေနဲ့ လုံခြုံမှုနဲ့ အကူအညီတွေ အရေးပေါ် လိုအပ် နေပါတယ်။ ဒီအတော အတွင်း ကျောက်ဖြူမြို့မှာတော့ မသီတာထွေး အသတ်ခံရတဲ့အမှုကို ဒီကနေ့ ဆက်ပြီး ကြားနာ စစ်ဆေး ခဲ့ပါတယ်။ ဒီအခြေအနေ တွေကို ဘန်ကောက် VOA ရုံးခွဲကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထား ပါတယ်။

စစ်တွေမြို့မှာ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေရော၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေပါ မီးရှို့ခံနေကြရ တာဖြစ်ပြီး ဒီကနေ့ထိ ဆိုရင် အိမ်ခြေ ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီးပြီလို့ အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန်ဘက်မှာ အခြေစိုက်တဲ့ ရဲတပ်ရင်းတခုလုံးကို စစ်တွေမြို့အခြေအနေကို ထိန်းသိမ်းဖို့ စေလွှတ် ထားပြီး အဲဒီ ရဲတပ်ဖွဲ့ဝင် တွေကိုယ်တိုင် မီးလောင်နေတဲ့အိမ်တွေကို ဝိုင်းဝန်းကူညီ ငြိမ်းသတ်ပေးနေတယ် လို့ အမည်မဖော်လိုတဲ့ ရဲတပ်ရင်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း အခြေအနေက ဆိုးနေတုန်းပဲလို့ RNDP ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“မကောင်းသေးဘူးဆိုတာက မီးလောင်တဲ့နေရာတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ အဲဒီတော့ ဒုက္ခသည်တွေကလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ ခုဖြစ်နေတာက ကသည်းရွာ၊ အဲဒီမှာက ရခိုင်တွေလည်း ရှိတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း ရှိတယ်။ အဲဒီမှာ လောလောဆည် မီးလောင်မှုဖြစ်နေတယ်။ အဲဒီမီးက နာဇီကျေးရွာဘက်ကို သွားနိုင်တယ်။ လေက အဲဒီဘက်ကို တိုက်နေတယ်”

စစ်တွေမြို့တွင်းအခြေအနေက မြို့ပြင်ကျေးရွာတွေမှာထက် ပိုဆိုးတယ်လို့ သူက ပြောပါတယ်။ အကြောင်း ကတော့ မြို့တွင်း မှာက နှစ်ဘက်လူမျိုးစုတွေ နီးကပ် ထိစပ်ပြီးနေတဲ့နေရာတွေများပြီး ရွာတွေမှာကတော့ သီးခြားစီနေကြတာကြောင့်ပါ။ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဘက်စလုံးက သူတို့အိမ်တွေ မီးရှို့ခံရတယ်၊ တိုက်ခိုက်ခံရတယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါ တယ်။ ဦးခိုင်ပြည်စိုးတို့ စုဆောင်းကောက်ယူ ထားနိုင်သလောက် စာရင်းအရကတော့ သေဆုံးသူ ၁၅ ဦးထက်မနည်း၊ ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

ပိတ်မိနေတဲ့အစ္စလာမ်ဘာသာဝင်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့ခေါ်ထုတ်သွားပြီး ဘယ်နေရာ မှာ ထားမှန်းမသိတဲ့ အတွက် သူတို့အခြေအနေ မသိရပေမဲ့ ရခိုင်လူမျိုးတွေအတွက် ဒုက္ခသည် စခန်း ကတော့ ၃၄ နေရာရှိပြီး အများဆုံး ရှိနေတာက တော့ အဓိဋ္ဌာန် ဘုန်းတော်ကြီးကျောင်းဖြစ်တယ်လို့ ဦးခိုင်ပြည်စိုး က ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် အမှတ် ၁ နဲ့ အမှတ် ၂ ရဲစခန်းတွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ အမှတ် ၁ ရဲစခန်းက ပြန်မဖြေဘဲ ဖုန်းချချသွားခဲ့ပြီး အမှတ် ၂ ရဲစခန်းကတော့ သူတို့နေရာမှာ ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်။

အစ္စလာမ် ဘာသာဝင် အမျိုးသမီးတဦးကတော့ သူတို့ရင်ဆိုင်နေရတဲ့အခြေအနေကို အခုလို ပြောပြခဲ့ပါ တယ်။

“မိသားစု ရှာလို့ မရတဲ့သူတွေလည်း အများကြီးပဲ၊ ဘယ်နှစ်ယောက်သေတယ်၊ ဘယ်သူသေတယ် ဆိုတာ ကို မမေးပါနဲ့၊ ကျေးဇူး ပြုပြီးတော့ပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အလောင်းရှာဖို့ အချိန်လည်း မရှိဘူး။ အလောင်းရှာဖို့ဟာ ကျမတို့မှာ အပြင် မထွက်နိုင်ဘူး။ ကိုယ့်အသက် ကိုယ်ပဲ ကြည့်နေရတယ်ရှင့်။ အခုဖြစ်ပျက်နေတာက နာဇီရွာ၊ ရပ်ကွက်တွေကျတော့ မြို့ပေါ်မှာ ရှိတဲ့ ရပ်ကွက်တွေ အများကြီးပဲ၊ အဲဒီ မှာမှ ခု ကျမတို့ ရပ်ကွက်တခုပဲ ကျန်တော့တယ်။ ကျမတို့ ရပ်ကွက်က အောင်မင်္ဂလာ၊ ဒီမှာ မြို့ပေါ် ရပ်ကွက်က လူတွေ စုပြီးတော့မှ လာနေတယ်။ ကျေးဇူးပြုပြီး အစိုးရကို အကူအညီတောင်းပေးပါ။ ဒီမှာ အခြေနေက အရမ်းကြီးကို ဆိုးရွားနေပါတယ်။ စားနပ်ရိက္ခာရော ဆေးဝါးတွေရော၊ မီးလောင်ခံထားရတဲ့ သူတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အများကြီးပဲ၊ အများကြီးပဲ”

သူတို့နှစ်ယောက် ပြောပြခဲ့တဲ့အခြေအနေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်း ဆက်သွယ်မေးမြန်းချိန်မှာ ရှိနေတဲ့ အခြေအနေတွေပါ။

ရခိုင်တပြည်နယ်လုံးမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး စစ်တွေမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းနေတဲ့အတွက် လူထု စားရေး သောက်ရေး ဒုက္ခရောက်နေကြရပါတယ်။

ဒီအတောအတွင်းမှာပဲ ကျောက်ဖြူမြို့တရားရုံးမှာတော့ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့ အမှုကို ဒီကနေ့ ဆက်ပြီး ကြားနာစစ်ဆေးခဲ့ပါတယ်။ ကျောက်ဖြူမြို့ အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်လို့ ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပါတယ်။

ဒီပဋိပက္ခအခြေအနေ အားလုံးရဲ့ အစလို့ဆိုရမယ့် မသီတာထွေး အသတ်ခံခဲ့ရတဲ့ဖြစ်ရပ် အပေါ် မြန်မာ အစိုးရပိုင် သတင်းမီဒီယာ တွေက သတင်းရေးသား ဖော်ပြခဲ့တာတွေထဲမှာ ဘာသာရေးနဲ့လူမျိုးရေး အဓိကရုဏ်းကို ဦးတည်စေနိုင်တဲ့ အရေးအသားမျိုးတွေ ပါခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်နေ ပါတယ်။ ဒါ့အပြင် အဲဒီလူသတ်မှုရဲ့ နောက်ဆက်တွဲ တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေကို လူအုပ်စုက အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် အစိုးရသတင်းမီဒီယာတွေက သုံးနှုန်းဖော်ပြပုံကို မကျေနပ်လို့ ရန်ကုန်မှာ အစ္စလာမ်ဘာသာဝင်တွေ ဆန္ဒပြခဲ့ကြသေးပြီး နောက်တနေ့မှာ အစိုးရ သတင်း မီဒီယာတွေက ပြန်ပြီးတော့ ပြင်ဆင် ဖော်ပြပေးခဲ့ရပါတယ် ခင်ဗျာ။