မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်

မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံထဲ မြန်မာအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာမှုကို လက်ခံပေမဲ့ တဘက်မှာတော့ လူကုန်ကူးမှုကိစ္စရပ်အချို့မှာ ဒေသအာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ဆက်ပေးမှာပါ။

မနှစ်ကအထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ဒီနှစ် အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့်နှစ်မှာ တိုးမြှင့် သတ်မှတ်ခံရတာကြောင့် အရင် နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပါပြီ။

အစီရင်ခံစာထဲမှာ နိုင်ငံအလိုက် P သုံးလုံးဆိုတဲ့ Prosecution အရေးယူမှု၊ Protection အကာအ ကွယ်ပေးမှု၊ Prevention ကြိုတင် ကာကွယ်မှု အခြေအနေသုံးရပ်ကို တချက်ခြင်း လေ့လာဆန်းစစ်ထား ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး သူတို့ရဲ့ ဘဝပြန်လည် ထူထောင်ရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ အစိုးရဘက်က လူကုန်ကူးခံရမှုတွေကို တိုင်ကြားနိုင်တဲ့ စနစ်တရပ် ထားခဲ့ တာကြောင့် လူကုန်ကူးခံရသူ ၅၇ ဦးကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ လူကုန်ကူးခံရသူ ၂၂၉ ဦးကို ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ကိုးကားဖော်ပြပါတယ်။ တချိန်တည်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်မှု အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံမှာ ချီးကျူးထားပါတယ်။ ဒါပေမယ့်လည်း တဘက်မှာ လူကုန်မှုတွေ၊ အထူးသဖြင့် ကလေးစစ်သားစုဆောင်းအသုံးပြုတာနဲ့ အတင်း အဓမ္မလုပ်အားပေးခိုင်းစေတာမျိုးကို စစ်ဘက်တာဝန်ရှိသူတွေရော လက်နက်ကိုင်သူပုန် အဖွဲ့အစည်းတွေ ကပါ ဆောင်ရွက်နေကြတုန်းပဲလို့ ထောက်ပြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် တတ်တတ်ကြွကြွ လုပ်ဆောင်လာတာမှန်ပေမဲ့ တဘက်မှာတော့ ဒီကိစ္စမှာ တာဝန်ရှိ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့် စိန်ခေါ် အကဲစမ်းချက်တွေတော့ ရှိနေတုန်းပဲလို့ ပြော ပါတယ်။ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကတော့ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ မြန်မာတိုင်းရင်းသား လူကုန်ကူးခံရသူတွေကို မြန်မာအစိုးရဘက်က ကယ်တင်စောင့်ရှောက်မှုအားနည်းနေတုန်းပဲလို့ မြင်ပါတယ်။

“တိုင်းတပါးကိုရောက်သွားတဲ့ လူကုန်ကူးခြင်းခံရတဲ့သူတွေကိုတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရကနေပြီး လိုက်လံကယ်တင်နိုင်ခြင်းတော့ မရှိသေးဘူးဗျ။ ရှိတဲ့ဥစ္စာတွေကလည်း အလွန် နည်းပါး ပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားသွားတဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်သမားတွေကို ကယ်ဆယ်တဲ့ ကိစ္စတခု၊ ဒါကတော့ မှတ်မှတ်ထင်ထင် တခု ရှိတာပေါ့လေ။ အရင်ကဆိုလို့ရှိရင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့သူတွေကို ပြန်ပို့တဲ့အခါကျလို့ရှိရင် ပြန်လည်ပြုစုပျိုးထောင်ရေးတို့၊ လက်မှု၊ အိမ်တွင်းမှုပညာ သင်ကြားရေးတို့ စတာတွေနဲ့ ပတ်သက်လို့ အစိုးရက တာဝန်ယူလုပ်ဆောင်နေတာတွေ နည်းတယ်။

သို့သော်လည်း အခုနောက်ပိုင်းမှာ ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ်အောက်ကနေပြီး ပြည်တွင်းမှာ တချို့ရှိနေ တဲ့ NGO တွေနဲ့ ပေါင်းပြီးတော့ တချို့အစီအစဉ်လေးတွေ လုပ်နိုင်တာတွေကို တွေ့လာရတယ်။ ဥပဒေပိုင်း အရ ကြည့်မယ်ဆိုလို့ရှိရင်လည်း ရတနာမေတ္တာဖောင်ဒေးရှင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း UNICEF နဲ့ တွဲပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့တွေကို ထူထောင်ခွင့် ပြုလာတယ်။ ဒီအဖွဲ့တွေ က အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ကို အခကြေးငွေမယူဘဲ လိုက်ပါ ဆောင်ရွက်ပေးတဲ့ အခြေအနေမျိုးအထိ ဖြစ်လာတယ်။ ဒါတွေကတော့ တိုးတက်တဲ့အလားအလာတွေလို့ ပြောနိုင်ပါတယ်။”

- အစိုးရပိုင်းအနေနဲ့ပေါ့- လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အခု အစိုးရသစ်အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့၊ သက်ဆိုင်လို့ - နောက်တခုက အဲဒီအတွက် အထောက်အကူပြုနိုင်မယ့် နည်းဥပဒေပြဌာန်းချက် အသစ်တွေ ထုတ်ပြန်တာမျိုးရော ရှိပါသလား။

“လူကုန်ကူးမှု တားမြစ်ရေး ဥပဒေရယ်လို့တော့ ပြဌာန်းထားတာတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဒီ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်နေတဲ့အခါကျတော့ ဥပဒေကို အသက်ဝင်အောင်လုပ်ဖို့က တော်တော်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃ လလောက်က ပြည်မြို့က ကောင်လေးတွေကို ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ ရှမ်းပြည်နယ် မိုင်းတွင်းတွေမှာ အဓမ္မခိုင်းစေဖို့အတွက် ခေါ်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့ပါတီက ကုမ္ပဏီတွေက ပါဝင် ပတ်သက်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတချို့က ပါဝင်နေတာတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ လိုက်လံကူညီပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်တဲ့ သူတွေကိုတောင်မှ အနှောင့်အယှက်ပေးခြင်းခံရတာကို ကျနော်တို့ ကြားသိရတယ်။”

ကလေးငယ်တွေ အမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအတော်များများဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ် ဘင်္ဂလားဒေ့ရ်ှ၊ အိန္ဒိယ၊ တောင်ကိုရီယား စတဲ့နိုင်ငံတွေကို စီးပွားရေး အခြေအနေကြောင့် ပုံစံအမျိုးမျိုးနဲ့ ထွက်ခွာနေကြရာမှာ လူကုန်ကူး ခံရတာတွေကြောင့် လိင်လုပ်ငန်းတွေ အတင်းအဓမ္မ မတရားခိုင်းစေခံရတာတွေ ကြုံနေကြရတာပါ။

ဒီလိုမျိုး အလားတူအခြေအနေမျိုးတွေ မြန်မာနိုင်ငံတွင်းမှာတောင် ကြုံနေရတယ်လို့ ဦးမင်းလွင်ဦးက ပြော ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက် မှု ပြည့်မီချက်တော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်လိုမဟုတ်ဘဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဆိုထားတာပါ။ အထူးသဖြင့်တော့ ကလေးစစ်သားစုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုထား ပါတယ်။ ဒါ့အပြင် ဒီအတွက် ILO နိုင်ငံတကာအလုပ်သမားအဖွဲ့အပါအဝင် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။