အာဂျင်တီးနားနိုင်ငံကို ၁၉၇၆ ခုနှစ်ကနေ ၈၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံအင်အားစုတွေရဲ့ ကလေးငယ်တွေကို ပြန်ပေးဆွဲမှုနဲ့ အရင်အာဏာရှင်ဟောင်း ၂ ဦးကို နှစ် ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးလိုက်ပါတယ်။
အာဏာရှင်ဟောင်း Jorge Videla ကို ထောင်ဒဏ် အနှစ် ၅၀ နဲ့ သူ့အရိုက်အရာကို ဆက်ခံတဲ့ Reynaldo Bignone ကို ထောင်ဒဏ် ၁၅ နှစ် အသီးသီး ချမှတ်ကြောင်း တရားသူကြီးက မနေ့က စီရင်ချက် ချလိုက် တာနဲ့ Buenos Aires တရားရုံးအပြင်မှာ စောင့်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေ က သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ကြပါတယ်။
သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဆန့်ကျင်ကြတဲ့ အတိုက်အခံတွေကို လုံးဝသုတ်သင် ရှင်းလင်းပစ်ဖို့ ရည်ရွယ် ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ Dirty War ခေါ် မလျော်ကန်တဲ့ လုပ်ရပ်တွေမှာ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိ ခဲ့တဲ့အတွက် တရားရုံးက အခုလို စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ အတိုက်အခံ မိသားစုတွေ ရဲ့ မွေးကင်းစ ကလေးငယ်တွေနဲ့ တခြား ကလေးငယ်တွေကို အကွက် ကျကျ ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ စွဲချက် တင်ခံထားရတာပါ။
သူတို့ အုပ်ချုပ်ခဲ့တဲ့ အဲဒီ အမှောင်ကာလအတွင်း ကလေးငယ်ပေါင်း ၅၀၀ လောက် ပြန်ပေးဆွဲခံခဲ့ရတယ် လို့ Plaza de Mayo ရဲ့ အဖွားအိုများလို့ အမည်ပေးထားတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အထောက်အထား စာရွက် စာတမ်းတွေကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် ဘယ်နှစ်ယောက် ပြန်ပေး ဆွဲခံခဲ့ရတယ်ဆိုတဲ့ စာရင်းအတိအကျတော့ မသိနိုင်ပါဘူး။ ဖေဖော်ဝါရီလမှာစခဲ့တဲ့ ဒီအမှုမှာတော့ ကလေး ငယ်ပေါင်း ၃၄ ယောက်ရဲ့အမှုကို အခြေခံပြီး စစ်ဆေးခဲ့တာပါ။