သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးကလင်တန်တွေ့

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံစဉ်။ (ဂျူလိုင်လ ၁၃ ရက်၊ ၂၀၁၂)

စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ်နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေပြီလို့ သမ္မတ ဦးသိန်းစိန်က အမေရိကန် စီးပွားရေး ထိပ်တန်း လုပ်ငန်းရှင်တွေကို ပြောခဲ့ပါတယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့မတွေ့ခင် အစောပိုင်းက သမ္မတဦးသိန်းစိန်ဟာ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ အမေရိကန်နဲ့ အာဆီယံနိုင်ငံများ စီးပွားရေးညီလာခံရဲ့ ဘေးပန်းမှာ သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံခြားရေးဝန်ကြီး Clinton တို့ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်မှာတုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး အခု ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုတွေကို တာဝန်သိစွာနဲ့ ပြည်သူတွေ အားလုံး ခံစားနိုင်စေရပါမယ်လို့ သမ္မတဦးသိန်းစိန်က ဝန်ကြီးကလင်တန်ကို ကတိပြုခဲ့တယ်လို့ AP သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

အထင်ကရ စီးပွားရေးကိုယ်စားလှယ်တွေကို သမ္မတနဲ့ တွေ့ဆုံဖို့ ခေါ်လာတယ်၊ သမ္မတရဲ့ အနာဂတ် အစီ အစဉ်တွေကို သူတို့ ကြားချင်နေကြတယ်လို့ ဝန်ကြီး Clinton က သမ္မတဦးသိန်းစိန်ကို တွေ့ဆုံ နှုတ် ဆက်ချိန်မှာ ပြောခဲ့ကြောင်း AP သတင်းကရေးပါတယ်။

Coca Cola, Ford, General Electric, General Motors, Goldman Sachs Google စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေရဲ့တာဝန်ရှိသူတွေပါလာကြတဲ့ ညစာစားပွဲကို သူတို့ ၂ ယောက် အတူ တက်ကြတယ်လို့လည်း ပြောပါတယ်။ မနေ့တုန်းကတော့ Phnom Penh မြို့တော်မှာ ဝန်ကြီး Clinton က မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေကို မြင်ရတဲ့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနိုင်ဖို့ အမေရိကန်က အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်ပြီး လျှော့ပေါ့ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၁၅ နှစ်နီးပါးအတွင်းမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ခွင့်ပြုလိုက်သလို မြန်မာနိုင်ငံမှာ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက်ကိုလည်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရက အရေးပါတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာကို အမေရိကန်အစိုးရက တုံ့ပြန်တာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောခဲ့ပါတယ်ရှင်။