အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာတပုဒ်ကို နားဆင်ရမှာပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍက အရေးတကြီး ကိစ္စတခုဖြစ်တယ် ဆိုတာ အများကလက်ခံထားကြပေမဲ့ ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဇာနည်နေ့တွေဟာ မထင်မရှားနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အာဇာနည်တွေရဲ့ တန်ဘိုးကို လုံးဝမမေ့နိုင်သူတွေလည်း အများအပြား ရှိနေတုန်းပါပဲ။ ကဗျာဆရာမိုဃ်းဇော် ရေးဖွဲ့ထားတဲ့ စိန်ခြယ်ပန်းများဖြင့်ဆိုတဲ့ ကဗျာဟာ မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ၂ကြိမ်မက ဖေါ်ပြခဲ့တဲ့ကဗျာပါ။ ဒီကဗျာမှာ မြန်မာ့လွတ်လပ်ရေးရဲ့ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းကို ကဗျာဆရာမိုဃ်းဇော်က စိန်ခြယ်ပန်းတွေနဲ့ ပူဇော်ထားပါတယ်။ ကဗျာဆရာ မိုဃ်းဇော်ကိုယ်တိုင် ကဗျာကို ရွတ်ဆိုထားတာပါ။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။