ပြုပြင်ပြောင်းလဲရေး နိုင်ငံတကာက အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ပြုပြင်ပြောင်းလဲရေး နိုင်ငံတကာက အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံဟာ အမှန်တကယ်တိုးတက်မှုတွေနဲ့ အပြောင်းအလဲတွေ စတင်လုပ်ဆောင်နေတာမို့ ဒီ လုပ်ငန်း စဉ်တွေကို နိုင်ငံတကာအနေနဲ့ အားပေးထောက်ခံခြင်းအားဖြင့် အကူအညီပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပြောသွားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတွင်းက နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်နိုင်တဲ့ အပြောင်း အလဲတွေကသာ မှန်ကန်တဲ့တိုးတက်မှုဖြစ်ပြီး အခုအချိန်တော့ အစိုးရသစ်အနေနဲ့ လက်တွေ့ထက် အပြောက ပိုများနေတယ်လို့ ယူဆကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်းထားပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး လူမှုရေး အပြောင်းအလဲတွေကို အစီအစဉ် ချမှတ်ပြီး စ လုပ်နေသလို တဘက်မှာ အမျိုးသားညီညွတ်ရေးအတွက်လည်း ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၈ ကြိမ်မြောက်အစည်းအဝေး တတိယ စုံညီဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။ ဒီအတွက် သူတို့အနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အစိုးရသစ်ကို အားပေးထောက်ခံ ကြဖို့ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာကို တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံဟာ ပြောင်းလဲနေပါပြီ။ တကယ့်အမှန်တိုးတက်မှုတွေနဲ့ ပြောင်းလဲနေတာပါ။ အခုလို အသွင် ပြောင်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲ စိန်ခေါ်မှုတွေကိုတော့ ရှောင်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အခုလို အရေးတကြီး အခြေအနေမျိုးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လိုအပ်တဲ့ အားပေး ထောက်ခံမှုတွေ ပေးတာဟာ အကောင်းဆုံး အကူအညီပေးမှုဖြစ်ပါလိမ့်မယ်။”

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ ၂,၀၀၀ ကျော်ရှိတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို လွှွတ်ပေးခြင်းကသာ ပြောင်းလဲမှုတွေအတွက် ကနဦးအစဖြစ်မယ်လို့ ယူဆပြောနေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အစိုးရသစ်ရဲ့ ပထမဆုံး ခြေလှမ်းဟာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ ပြောသွားပါတယ်။

“သမ္မတကြီးအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပထမဆုံးအကြိမ်အဖြစ်နဲ့ မေလ ၁၆ ရက်နေ့မှာ သေဒဏ်ကျ အကျဉ်းသားတွေကို ထောင်ဒဏ်တသက်ပြောင်းတာ၊ အခြားထောင်သားတွေကို ပြစ်ဒဏ် တနှစ် လျော့ပေါ့ ပေးခဲ့ပါတယ်။ ဒါကြောင့် ခန့်မှန်းချေ အကျဉ်းသား ၂၀,၀၀၀ နီးပါးဟာ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်း အသီးသီးကနေ ဇူလိုင်လ အကုန်ပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။"

ဒါပေမယ့်လည်း ပြည်တွင်းပြည်ပက လိုလားတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကတော့ အကျဉ်းထောင်တွေအတွင်းမှာပဲ ရှိနေဆဲပါ။ ဒါကြောင်လည်းပဲ အပြောင်းအလဲတွေကို စကားလုံးတွေနဲ့ ပြော နေမယ့်အစား၊ အနှစ်သာရရှိရှိ လုပ်ဖို့လိုအပ်မယ်လို့ နယူးယောက်အခြေစိုက် Burma Fund အဖွဲ့ ညွန်ကြားရေးမှူး ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

"တကယ့်အားပေးထောက်ခံမှုရဖို့ဆိုတာက တဝက်တပျက်မဟုတ်ဘဲနဲ့ တကယ်ပြုပြင်ပြောင်းလဲမှုကို စစ်စစ် မှန်မှန်လုပ်သင့်တယ်။ အင်အားစုအားလုံး ပါဝင်တယ်ဆိုတဲ့ အနေအထားကိုလည်း လုပ်သင့်တယ်ပေါ့။ လူ့ အခွင့်အရေးကော်မရှင်ဆိုတာ တိုင်းပြည်တိုင်းမှာ လိုအပ်တာပဲ။ လွတ်လပ်ဖို့ဆိုတာက တကယ့် လူထု လူ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေးအင်အားစု အားလုံးကနေပြီးတော့ ကိုယ်စားလှယ်တွေ အမည်စာရင်း သွင်းခွင့်ရှိရ မယ်၊ လွှတ်တော်ကနေပြီးတော့ ဒီ ကိုယ်စားလှယ်တွေထဲကနေ အများနဲ့ညှိနှိုင်းပြီးတော့ ရွေးချယ်တာမျိုး ဖြစ် သင့်တယ်ပေါ့။"

ဒါပေမဲ့ အခု အခုအစိုးရသစ်လက်ထက်မှာ တချို့ လူ့အခွင့်အရေးကိစ္စတွေကို လွှတ်တော်ထဲမှာ ဆွေးနွေး တာတွေရှိတယ်၊ နိုင်ငံရေးအကျဉ်းသားကိစ္စ ပြောကြ ဆိုကြတာတွေ ရှိပါတယ်ခင်ဗျ၊ အဲဒီတော့ လူ့အခွင့် အရေးအခြေအနေနဲ့ပတ်သက်လို့ ဒီအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ တိုးတက်လာတယ်လို့ မပြောနိုင် ဘူးလား။

"ဆွေးနွေးတဲ့ခေါင်းစဉ်တွေ ကောင်းပါတယ်။ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး ကော်မရှင် လို အဖွဲ့အစည်းမျိုးတွေ၊ နောက် ပါလီမန်မှာ လူ့အခွင့်အရေးကော်မတီတွေ ဖွဲ့စည်းတာလည်း ကောင်းပါ တယ်။ ဒါပေမဲ့ အနှစ်သာရ ကောင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က ကနေ့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ရှိဖို့ရယ်၊ မြန်မာပြည်မှာ ကနေ့ ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေ ကျင့်သုံးမှုတွေကို တားဆီးနေတဲ့ မတရား တဲ့ အမိန့်အာဏာတွေပေါ့ဗျာ၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်တို့၊ သတင်းစာလွတ်လပ်ခွင့်တို့၊ လွတ်လပ်စွာ စုဝေး ခွင့်တို့၊ နောက်ပြီးတော့ အင်တာနက်ကအစ လွတ်လွတ်လပ်လပ် သုံးခွင့်၊ သတင်းဖြန့်ဝေခွင့်၊ ဒါတွေကို ပိတ်ပင်ထားတဲ့ ဥပဒေတွေကိုလည်း ဖျက်သိမ်းဖို့လိုပါတယ်။

"အဲဒီလို အနှစ်သာရအားဖြင့် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးရင်တော့ ဒါ ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှု လမ်းကြောင်းပေါ်ကို ရှေးရှုနေပြီလို့ ပြောရမှာက နည်းနည်းစောမယ်လို့ ကျနော်တို့ထင်ပါတယ်။"

Burma Fund အဖွဲ့က ဒေါက်တာသောင်းထွန်းဖြစ်ပါတယ်။

ဦးဝဏ္ဏမောင်လွင် ပြောသွားတဲ့အထဲမှာတော့ အစိုးသစ်တက်လာပြီးနောက် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အရေးယူစဉ်းစားချက်တွေ ဆောင်ရွက်ချက်တွေကို ထည့်သွင်းပြောဆိုသွားသလို မကြာခင်က လွတ်လပ်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာကိုလည်း ထောက်ပြ ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း ဒီကော်မရှင်မှာပ ါဝင်ဦးဆောင်သူတွေဟာ အရင်သံတမန်ဟောင်းတွေဖြစ်ပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ဝေဖန်မှုတွေကို တချိန်က ကုလသမဂ္ဂထဲမှာပဲ ခုခံ ပြောဆိုခဲ့သူတွေ ဖြစ်ကြပါ တယ်။