သဘာဝဘေးဆိုးဒဏ် သက်သာရေး အီးယူ အာဆီယံ ပူးပေါင်းမည်၊

ဥရောပသမဂ္ဂ၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး ခရစ္စတာလီနာ ဂေါ်ဂီအဲဗာ

သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရေးနဲ့ တုံ့ပြန်လုပ်ဆောင်ရေးတွေမှာ ပိုပြီးနီးနီးကပ်ကပ် လက်တွဲ လုပ်ဆောင်သွားကြဖို့ ဥရောပနဲ့ အရှေ့တောင်အာရှက တာဝန်ရှိသူတွေ ကတိပြုလိုက်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး ခရစ္စတာလီနာ ဂေါ်ဂီအဲဗာက တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။ အရှေ့တောင်အာရှဟာ လူဦးရေထူထပ်တာ၊ ငလျင်တွေ၊ ဆူနာမီရေလှိုင်းတွေနဲ့ မီးတောင်တွေရှိရာ ဒေသဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် အလွယ်တကူ ထိခိုက်နိုင်တဲ့ ဒေသဖြစ်နေတယ်လို့ ဂေါ်ဂီအဲဗာက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူ့အသက်ဆုံးရှုံးရမှုပေါင်း ၉၁%၊ စီးပွားရေးအရ ထိခိုက်ပျက်စီးရမှုပေါင်း ၄၉% ဒီဒေသမှာ ရှိခဲ့တယ်လို့ ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး မစ္စ် ဂေါ်ဂီအဲဗာက ပြောပါတယ်။