တရုတ်နိုင်ငံအရှေ့ပိုင်းမှာ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြရာက စီးပွားရေးသမားတွေနဲ့ လုံထိန်းရဲတွေအကြား မနေ့တုန်းက ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဇေကျန်းပြည်နယ် ဇိုင်းလီမြို့ထဲကို ချီတက်လာခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဇိုင်းလီမြို့ထဲမှာရှိတဲ့ အစိုးရအဆောက်အဦးတွေဆီကို ချီတက်ခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်တာတွေ၊ မီးရှို့တာတွေနဲ့ ကားတွေကို ပြောင်းပြန်လှန်တာတွေလုပ်ခဲ့ကြပါတယ်။
ကလေးအဝတ် အထည်ရောင်းတဲ့ ကုမ္ပဏီတခုရဲ့ပိုင်ရှင်က အခွန်ပေးဖို့ငြင်းဆန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလိုပဋိပက္ခစပြီးဖြစ်ခဲ့ရတာလို့ တရုတ်အစိုးရပိုင် မီဒီယာကပြောပါတယ်။ နောက်ပိုင်းမှာ အုပ်စု တခုက အခွန်ကောက်တဲ့လူတဦးကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အဓိကရုဏ်းရဲ့ အစပိုင်းမှာ လူ ၆၀၀ လောက်ပါဝင်ခဲ့ပေမဲ့ လူအင်အားက ခပ်မြန်မြန်နဲ့ ကြီးမားလာခဲ့ပြီး ညနက်ပိုင်း ရောက်တဲ့အထိ အဓိကရုဏ်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကြောင့် လူ ၅ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ဟူဇောင်း အင်တာနက်သတင်းမှာ ရေးသားထားပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့တော့ အတည်ပြုလို့ မရသေးပါဘူး။