မြန်မာတိုးတက်မှု ယာယီအဆင့်မှာသာရှိ

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တချို့ တွေ့နေရတာကို ငြင်းချက်ထုတ်စရာမရှိပေမဲ့ ဒီဖြစ်ထွန်းမှုအများစုဟာ ယာယီအဆင့်မှာပဲ ရှိနေသေးတာကြောင့် အနှစ်သာရရှိတဲ့ အပြောင်းအလဲတွေရှိနေပြီလို့ ပြောဖို့ အချိန်မတန်သေးကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ဒီကနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်က အစဉ်တစိုက် ပြောလာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း သူက ထပ်ပြောခဲ့ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbellက မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ အလုပ်သမားဥပဒေ အတည်ပြုခဲ့တာ၊ နိုင်ငံရေး အကျဉ်းသားတချို့လွှတ်ပေးခဲ့တာ၊ ဧရာဝတီမြစ်ဖျားခံရာ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ခဲ့တာအပါအဝင် ဖြစ်ထွန်းမှုတွေတွေ့ရလို့ အားတက်မိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ
အခုလိုပြောဆိုလိုက်ပါတယ်။

လွှတ်တော်တွေထဲမှာ အချေအတင်ဆွေးနွေးတာတွေ စတင်နိုင်ခဲ့တယ် ဆိုတာကလည်း ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းဖြစ်ပြီးတော့
နိုင်ငံအတွင်း ဒိထက်မက အပြုသဘောဆောင်တဲ့အလားအလာတွေ မျှော်မှန်းလို့ ရပြီဆိုတဲ့သဘောပါပဲလို့ ဆိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြုသဘောအဆောင်ဆုံး ဖြစ်ထွန်းမှုတချို့ကို တွေ့နေရတယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ထွန်းမှုအများစုဟာ ယာယီအဆင့်မှာပဲ ရှိနေသေးတာကြောင့် အနှစ်သာရရှိတဲ့ အပြောင်းအလဲ ဖြစ်လာပြီလို့တော့ ပြောဖို့ စောသေးတယ်၊ အချိန်မတန်သေးဘူးလို့ ပြောဆိုသွားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဒိထက်မက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ထပ်ပြီး လွှတ်ပေးစေလိုပါကြောင်း၊
အတိုက်အခံ နိုင်ငံရေးပါတီတွေကိုလည်း ဥပဒေနဲ့အညီ တရားဝင် ရပ်တည်ခွင့်ရရှိရေး၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဆွေးနွေးပြောဆိုရေး တွေ ပြုလုပ်ဖို့အတွက်ကိုလည်း Kurt Campbellက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား နျူကလီယားပူးပေါင်းဆောင်ရွက်မှု၊ လက်နက်အရောင်းအဝယ် စတဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တော့လည်း ပြီးခဲ့တဲ့လတုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သူတွေ့ဆုံစဉ်ဆွေးနွေးခဲ့တယ်လို့ ဗီအိုအေကို ပြောပြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောဆိုဖြစ်ပါတယ်တဲ့။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးကလည်း သူ့နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကျင့်သုံးနေတယ်လို့
ပြောဆိုခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကျနော်တို့ကတော့ မြန်မာနိုင်ငံနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို တကယ်ပဲ လိုက်နာမလား ဆိုတာနဲ့ ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြောပြသွားတာပါ။

အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ အာရှနဲ့ပစိပိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံနဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး အကြိုညှိနှိုင်းနိုင်ဖို့ အင်ဒိုနီးရှား ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် ဂျာကာတာမြို့တော်ရောက်ရှိနေစဉ် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားတာဖြစ်ပါတယ်။