မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလကို KNU တောင်းဆို

မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလကို KNU တောင်းဆို

ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာပြည်ကို ရောက်ရှိနေတဲ့အချိန်မှာပဲ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အပေါ် တိုးမြှင့် တိုက်ခိုက်နေတာတွေကို ဟန့်တားပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

ဒီအကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးဝေက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကုသမဂ္ဂအပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရက လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်တန့်သွားအောင် ဖိအားပေးပေးဖို့ ကရင်အမျိုးသား အစည်းရုံး KNU အဖွဲ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အစိုးရစစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက်နေသူ အချင်းချင်းသာမကဘဲ အပြစ်မဲ့ ရွာသူရွာသားတွေကိုပါ သတ်ဖြတ်နေတာတွေ ကြုံတွေ့နေရတယ်၊ လူတွေဒုက္ခရောက်နေကြတယ်၊ ဒါကြောင့် နိုင်ငံတကာကို အကူညီတောင်းခံရတာ ဖြစ်တယ်လို့ KNU အဖွဲ့ရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ကပြောပါတယ်။

“International Community ကိုအကူညီတောင်းမယ် ဥပမာ UN တို့ US တို့ EU တို့ပေါ့နော်။ တခုရှိတာကတော့ အစိုးရကို ဖိအားပေးပါ။ အဲဒီအပစ်အခတ် ရပ်စဲရေးကိုလုပ်ကို လုပ်သင့်ရမယ်။ အခုသူတို့ရန်သူကို သူတို့သတ်ပစ်မှာမှမဟုတ်ပဲ၊ အဲဒီမှာ ရွာသားတွေက ရွာသားတွေက သူတို့ရန်သူ မဟုတ်ဘဲနဲ့ အသတ်ခံရတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် International Community ကတော့ အစိုးရကို ဖိအားပေးတာ လုပ်ပေးရမယ်၊ အပစ်အခတ်ရပ်စဲတာ ရှိကိုရှိရမယ်”

အခုအချိန်မှာ ကရင်လူမျိုးစုနဲ့သာမကဘဲ ကချင်၊ ရှမ်းအစရှိတဲ့ လူမျိုးစုဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထု အရေအတွက်ဟာ ၂၀,၀၀၀ ကျော် ရှိနေပြီး ခိုကိုးရာမဲ့ အကူညီမဲ့ ဖြစ်နေကြရှာတယ်လို့လည်း သူကပြောပါတယ်။

“အခုကတော့ ဒို့ကရင်ပြည်နယ် တပြည်နယ်ထဲ မဟုတ်ပဲနဲ့ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ် တောင်ပိုင်းတို့ မှာလည်း တော်တော် များများ ရှိတယ်။ ပြီးတော့ internally displace တွေလည်း တော်တော်များလာတယ်၊ ပြီးတော့ အဲဒီရင်ဆိုင်နေရတဲ့လူတွေမှာ ဒုက္ခသည်စခန်းထဲ ဝင်ရအောင်လည်း နေရာမရှိ၊ ပြီးတော့ အစားအသောက်တွေရဖို့ လမ်းတွေဘာတွေကလည်းမရှိ၊ အဲဒီလိုမျိုးကြောင့် ကျမတို့လည်း သူတို့ကိစ္စ စိတ်ပူတာပေါ့နော်”

စစ်ဘေးဒဏ်ခံနေရတဲ့အရပ်မှာ လူသားတွေကို အကာအကွယ်အဖြစ် အသုံးချတာ၊ အတင်းအဓမ္မ အလုပ်စေခိုင်းတာ အဓမ္မပြုကျင့်တာ အစရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ တိုင်းရင်းသားတွေ လူနည်းစုတွေ အတွက် အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးပွဲဖြစ်မြောက်အောင် ဖိအားပေးကြဖို့လည်း တောင်းဆိုပါတယ်။

“နောက်တခုကတော့နော် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်လို့ ethnic reconciliation မလုပ်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် မြန်မာပြည် နောက်ဆက်တွဲအတွက် ငြိမ်းချမ်းရေးလည်းမရှိနိုင်ဘူး၊ အဲဒါကြောင့် political အနေနဲ့ ထိုင်ပြီးတော့ ဆွေးနွေးကြပါ၊ အဲလိုမျိုးလည်းသူတို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အဲဒီလို national reconciliation လုပ်ကို လုပ်သင့်တယ်။ အဲဒါကြောင့် အဲဒီတခုကိုလည်း မြန်မာပြည်အစိုးရကို ကျေးဇူးပြုပြီး ဖိအားပေးပါလို့ အဲဒါလည်း တောင်းဆိုချင်ပါတယ်”

KNU ရဲ့ ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ပြောသွားတာပါ။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတကြီး ဦးသိန်းစိန် ထံကို ငြိမ်းချမ်းရေး စကားပြောဆိုဖို့ ကမ်းလှမ်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ ကမ်းလှမ်းတာကို လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် အရှိန်ဟုန်မြှင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကပြောပါတယ်။