လာအိုနိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းအတွက် ADB အာရှဖွံ့ဖြိုးမှုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၅၀ ထောက်ပံ့မယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ လာအိုနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၇၇၀ ဝင်ငွေရရှိစေမယ်လို့ ADB က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အေဒီဘီက အခုပေးမယ့် ထောက်ပံ့ငွေထဲက သန်း ၂၂၀ ကတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံမြောက်ပိုင်း Nam Nyum မြစ်ပေါ်မှာ ၂၂၀ မီတာမြင့်တဲ့ဆည် တည်ဆောက်မှာဖြစ်ပြီး အဲဒီမှာ ၁၆ မိုင်ကျယ်ဝန်းတဲ့ ရေလှောင်ကန်ကြီး တည်ဆောက်မှာလည်း ဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ မိသားစုပေါင်း ၁၄၄ ခုကို ရွှေ့ပြောင်းပေးရမှာဖြစ်တဲ့အတွက် အဲဒီ မိသားစုတွေ နေထိုင်ဖို့နဲ့ လုပ်ကိုင် စားသောက်ဖို့ လယ်ယာမြေအသစ်တွေမှာ ချပေးမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ်က ပြောပါတယ်။
ဒီစီမံကိန်းကထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကိုတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။