အာဖဂန်မှာ တာလီဘန်ထောက်ခံမှု ကျဆင်း

အာဖဂန်မှာ တာလီဘန်ထောက်ခံမှု ကျဆင်း

အာဖဂန်နစ္စတန်နိုင်ငံမှာ ကောက်ယူတဲ့ လူထုသဘောထားအမြင် စစ်တမ်းအရ တာလီဘန်အဖွဲ့ အပေါ် ထောက်ခံသူ အရေအတွက်ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ကျဆင်းသွားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ အခြေစိုက်တဲ့ အာရှ ဖောင်ဒေးရှင်းအဖွဲ့က ကောက်ယူခဲ့တဲ့စစ်တမ်းကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာရာမှာ တွေ့ဆုံစစ်တမ်းကောက်ယူခဲ့သူ အားလုံးရဲ့ ၂၉% ကသာ တာလီဘန် လက်နက်ကိုင်အဖွဲ့ကို လက်ခံသူ ရှိတယ်လို့ ဆိုပါတယ်။

အာဖဂန်ပြည်သူ ၄၆% က သူတို့တိုင်းပြည်ဟာ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေပြီလို့ ယုံကြည်ကြောင်း သိရပါတယ်။ စစ်တမ်းအဆိုအရ အာဖဂန်နိုင်ငံသား ၃၅% ကတော့ အဲဒီအဆိုကို သဘောမတူကြဘူးလို့ သိရပါတယ်။

ဒီ အရေအတွက်ဟာ ၂၀၀၄ ခုနှစ်၊ အာဖဂန်ရွေးကောက်ပွဲပြီးနောက်ပိုင်း အမြင့်မားဆုံးဖြစ်ပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးကိစ္စဟာ သူတို့အတွက် အဓိကစိတ်ပူပင်စရာဖြစ်ပြီး ဒုတိယလိုက်တဲ့ ပြဿနာတွေကတော့ အလုပ်လက်မဲ့ပြဿနာနဲ့ အဂတိလိုက်စားမှုကိစ္စတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဖဂန်နိုင်ငံသား ၈၂ % က အစိုးရနဲ့ တာလီဘန်သူပုန် လက်နက်ကိုင်အဖွဲ့တွေကြား ပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို ထောက်ခံတယ်လို့ စစ်တမ်းမှာတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

အခုလို စစ်တမ်းကောက်ယူဖို့အတွက် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID က ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း စစ်တမ်းကောက်သူတွေ အတွက် အန္တရာယ်ခြိမ်းခြောက်မှုမရှိတဲ့ ခရိုင် ၃၄ ခရိုင်အတွင်းက ပြည်သူပေါင်း ၆,၀၀၀ ကို တွေ့ဆုံမေးမြန်းပြီးတော့ စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။