မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမယ်ဆိုရင် ဒီမိုကရေစီရေး အတွက် နောက်ပြန်မလှည့်ကြည့်နိုင်တဲ့ တိုးတက်တဲ့ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက မျှော်လင့်ထားတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက မနေ့က ဘာလီကျွန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်းကို ဦးသိန်းထိုက်ဦးကဆက်ပြီး တင်ပြပေးထားပါတယ်။
မနေ့ကတုန်းက ဘာလီကျွန်းမှာကျင်းပတဲ့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူရေးမယူရေးကိစ္စကို အဓိက ရှင်းလင်းပြောဆိုသွားတာကိုတွေ့ရပါတယ်။ သူမြန်မာနိုင်ငံကို သွားရောက်ပြီး လေ့လာကြည့်ရှုခွင့်ရသမျှ အခြေအနေအရ မြန်မာနိုင်ငံရဲ့အခြေအနေဟာ လွတ်လပ်ပွင့်လင်းတဲ့ အခြေအနေ၊ ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်နေပြီလို့ ယုံကြည်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
“ကျနော်ပြောနိုင်တာက မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ ဖြစ်စဉ်တွေကို တွေ့နေရပြီဆိုတာပါ။ အင်ဒိုနီးရှား ကိုယ်တိုင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖြတ်သန်းခဲ့ရတာပါ။ ဒါဟာ ဆက်လက် ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တခုပါ။ တကြိမ်တခါတည်းနဲ့ ပြီးဆုံးသွားတဲ့ အဖြစ်အပျက်တခု မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ပြောင်းလဲမှုတွေကို ခတ္တခဏ လေ့လာခွင့် ရခဲ့ပါတယ်။ ကျနော့အနေနဲ့ မမှားဘူးဆိုရင် မြန်မာနိုင်ငံဟာ ပိုပြီး ကြီးမားတဲ့ လွတ်လပ်ပွင့်လင်းတဲ့ အခြေအနေ ပြုပြင်ပြောင်းလဲမှုတွေဆီ ဦးတည်နေပြီဆိုတာပါပဲ”
မြန်မာအစိုးရအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထပ်လွှတ်ပေးတာမျိုးပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်ဖို့လည်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမာတီနာတာလီဂါဝါကသတင်းစာရှင်းလင်းပွဲမှာတိုက်တွန်းသွားပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေအပါအဝင် တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေတာ။ နိုင်ငံရေးပါတီတွေရဲ့ မှတ်ပုံတင်ခွင့် ဥပဒေကို ပြင်ဆင်တာ၊ ဒါတွေအပါဝင် ဥပမာတွေတော်တော်များများကို ကျနော်တို့ဘက်က ပြောင်းလဲလာတဲ့အခြေအနေလို့၊တနည်းတလမ်းနဲ့ သက်သေပြလို့ ရတဲ့အချက်တွေလို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဒီလို ပြောင်းလဲမှု အရှိန်ကို လျော့မသွားအောင် မြန်မာနိုင်ငံအနေနဲ့ ဆက်ထိန်းထားစေချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်လွှတ်ပေးတာမျိုးတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်စေချင်ပါတယ်”
မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူရေးကိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအားလုံးကလက်ခံထားပြီးဒါကိုဒေသတွင်းနိုင်ငံခေါင်းဆောင်အစိုးရတွေဆီတင်ပြမှာဖြစ်တဲ့အကြောင်းကိုလည်းမာတီနာတာလီဂါဝါကထည့်သွင်းပြောဆိုသွားပါတယ်။
“အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွင်းမှာ ပြောဆိုကြတာတွေကို ကျနော် နားလည်လက်ခံမိတာက မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု အပြုသဘောဆောင်တဲ့ ဖြစ်စဉ်တွေကို အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ဒါပေမယ့် ဒီ ဖြစ်စဉ်တွေကို ရှေ့ဆက်လုပ်ဆောင်ဖို့ သတိပေးထားသလိုပဲ ၂၀၁၄ မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးမယ်ဆိုရင် ဒီ အပြောင်းအလဲတွေ ဆက်လုပ်ဆောင်မယ်ရဆိုတာကို အားလုံးက နားလည်ထားကြပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံကို သူ့ဘက်က အပြောင်းအလဲတွေ ဖော်ဆောင်လာအောင် တွန်းအားပေးစေ့ဆော်တဲ့ အနေအထားပါ”- ဆိုပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမာတီနာတာလီဂါဝါကပြောဆိုသွားပါတယ်။