ဆန္ဒပြသူတွေသေဆုံးမှု အီဂျစ်စစ်တပ် ဝန်ချတောင်းပန်

ဆန္ဒပြသူတွေသေဆုံးမှု အီဂျစ်စစ်တပ် ဝန်ချတောင်းပန်

အီဂျစ်နိုင်ငံမှာ ဒီသီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေအတွင်း လူ ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့အပေါ် အီဂျစ်စစ်ဘက်က တောင်းပန်လိုက်ပါတယ်။

ကိုင်ရိုမြို့တော်က Tahrir ရင်ပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ အတန်ငယ် ငြိမ်သက်နေတာနဲ့အမျှ စစ်ဘက်ရဲ့ အခု တောင်းပန်စကား ထွက်လာတာပါ။ အဲဒီရင်ပြင်နေရာဟာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဖြစ်တဲ့အဓိကနေရာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံ စစ်ဘက်အုပ်ချုပ်သူတွေ ချက်ခြင်းဆင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

အပြင်းထန်ဆုံး အကြမ်းဖက်မှုတချို့ဖြစ်ခဲ့တဲ့ လမ်းတလျှောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား စည်းခြားဖို့ စစ်တပ်က သံတန်းတွေ၊ သံဆူးကြိုးတွေ ချထားပါတယ်။ ဒီအတောအတွင်းမှာပဲ သေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူပါ့မယ်ဆိုပြီး စစ်ဘက်အုပ်ချုပ်သူတွေက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကတိပေးထားပါတယ်။

နောက်ဆုံး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကတော့ အီဂျစ်နိုင်ငံရဲ့ ဆူးအက်တူးမြောင်းတလျှောက်က မြို့တခုဖြစ်တဲ့ အစ္စမိုင်လီယာမြို့မှာဖြစ်ပြီး ဒီကနေ့ ကြာသပတေးနေ့အစောပိုင်းက ဖြစ်ခဲ့တာပါ။ သံချပ်ကာယာဉ်တွေနဲ့ တင့်ကားတွေကိုသုံးပြီး မြို့ရဲ့ လမ်းတွေပေါ်မှာ သွားနေတဲ့စစ်တပ်ကို ဆန္ဒပြသူတချို့က ပေါက်ကွဲစေနိုင်တဲ့ လက်လုပ် မီးလောင်ဗူးတွေနဲ့ ပစ်ပေါက်ခဲ့ပြီး သေနတ်သံတွေကိုလည်း ကြားခဲ့ရပါတယ်။