မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၅ နှစ်ဆက်တိုက်တိုး

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၅ နှစ်ဆက်တိုက်တိုး

မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၁ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဟာ သိသိသာသာများလာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC နဲ့ မြန်မာအစိုးရတို့ ပူးတွဲပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မြန်မာတနိုင်ငံလုံးမှာ ဘိန်းအများဆုံး စိုက်ပျိုး နေတာဟာ ရှမ်းပြည်နယ်ထဲမှာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ ဒီတော့ ရှမ်းပြည်ရဲ့ ဘယ်လို နေရာတွေမှာ ဘိန်းစိုက်ပျိုးနေကြတာလဲ။ စိုက်ပျိုးမှု တိုးလာတာကရော ဘာကြောင့်လဲဆိုတာကို UNODC ရဲ့ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ကိုယ်တိုင် ရှင်းပြခဲ့တဲ့ပွဲကို သွားခဲ့တဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးဧရိယာဟာ မနှစ်ကထက်စာရင် ၁၄ ရာခိုင်နှုန်းပိုများလာခဲ့ပြီး ခန့်မှန်းခြေ ဧက ၁ သိန်း ၇ ထောင်ကျော် ရှိနေတယ်လို့ UNODC ကပြောလိုက်ပါတယ်။ အစိုးရနဲ့အတူ UNODC က ပူးတွဲ စစ်တမ်း ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ အခြေအနေနဲ့ ဘိန်းစိုက်ပျိုးနေကြသူတွေရဲ့ အခြေအနေကို သိရဖို့အတွက် ရွာတွေ၊ ဘိန်းစိုက်ခင်းတွေရှိရာကို သွားရောက် စစ်တမ်းကောက်ခဲ့သလို ဂြိုဟ်တုပေါ်ကနေ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ သုံးသပ် စစ်တမ်းပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ရှိချက်တွေအရ အဓိက ဘိန်းအများဆုံးစိုက်နေကြတာက ရှမ်းပြည်နယ်ထဲဖြစ်ပါတယ်။ ကချင်ပြည် အလယ်ပိုင်းမှာလည်း ဘိန်းစိုက်ပျိုးမှု အနည်းငယ်ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သိသိသာသာ ဘိန်းစိုက်မှုတိုးလာတာက ရှမ်းပြည်တောင်ပိုင်းမှာဖြစ်ပြီး ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာလည်း စိုက်ပျိုးမှုတိုးလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ခုလို တိုးလာရသလဲ ဆိုတာကို မြန်မာနိုင်ငံ UNODC ရုံးတာဝန်ရှိသူ Jason Eligh ကခုလိုရှင်းပါတယ်။

“စစ်တမ်းကောက်ယူတဲ့ ကာလအတွင်း ဘိန်းစိုက်နေကြတဲ့ နေရာတွေမှာ အဓိက စားရေရိက္ခာ မလုံလောက်တာ၊ ပိုပြီး ဆင်းရဲမွဲတေလာကြတာနဲ့ လက်နက်ကိုင် ပဋိက္ခတွေ ဆက်ရှိနေတာကြောင့် ဘိန်းစိုက်ပျိုးမှုတွေ တိုးလာတွေ့ရှိရပါတယ်။ ဒီဒေသတွေမှာ အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ ပါဝင်တဲ့ ဘိန်းစိုက်သူတွေ တခြားရွေးချယ်နိုင်စရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မရှိတာကလည်း အကြောင်းတခုပါ”

ဘိန်းဈေးတွေ ကြီးလာတာကလည်း ဘိန်းစိုက်သူတွေအတွက် စွဲဆောင်မှု တခုဖြစ်တယ်လို့ ဆိုပါ တယ်။ ဘိန်းစိုက်ပျိုးမှုဟာ ဥပဒေကိုချိုးဖောက်ရာ ရောက်တယ်ဆိုတာသိကြပေမဲ့ သူတို့ အတွက်က ဘိန်းက ရတဲ့ ဝင်ငွေက အဓိကဖြစ်နေတဲ့အတွက် စိုက်နေကြတာလို့လဲ ကုလသမဂ္ဂက ပြောပါတယ်။ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တိုက်ပွဲဖြစ်နေကြတဲ့ နေရာတွေမှာ ဘိန်းအများဆုံး စိုက်ပျိုးနေကြတယ်လို့လဲ သူတို့ စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။

“အစိုးရထိန်းချုပ်ထားတဲ့ နေရာတွေ၊ လက်နက်ကိုင်တွေရှိနေတဲ့ နေရာတွေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့ နေရာတွေမှာ ဘိန်းစိုက်နေကြတယ်ဆိုတာကို သိတားဖို့ အရေးကြီးပါတယ်”

မြန်မာနိုင်ငံမှာ ဘိန်းစိုက်မှု တိုးလာတယ်ဆိုတော့ ဘယ်သူတွေက ဝယ်နေတာလဲဆိုတာက မေးခွန်းတခုပါ။

“ဘယ်သူတွေ ဝယ်နေကြသလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိရပါဘူး၊ ဒါပေမဲ့ ဘိန်းစိုက်ကြတဲ့ တော်တော်များများကို မေးကြည့်တော့ ယေဘုယျ ပြောကြတာကတော့ တရုတ်စကားပြောကြတဲ့ သူတွေ လာဝယ်ကြတယ်လို့ ပြောပါတယ်။ တရုတ်စကားပြောလို့ တရုတ်လူမျိုးတွေလို့လည်း ပြောလို့ မရပါဘူး”

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးအတွက် အားထုတ် လုပ်ဆောင် လာတယ်လို့လည်း UNODC က အသိအမှတ်ပြုပါတယ်။ လွန်ခဲ့တဲ့ ၃ လ အတွင်းမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းရေးအတွက် သက်ဆိုင်ရာဘက်က တိုးပြီး လုပ်လာသလို ဘိန်းစိုက်သူတွေ အတွက် တခြားနည်းလမ်းနဲ့ ဝင်ငွေရနိုင်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း အစိုးရက သဘောပေါက်တဲ့အတွက် တခြားရွေးချယ်နိုင်စရာဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်တွေအတွက် မဟာဗျူဟာတွေကို ချခဲ့တာကိုလည်း ထောက်ပြပါတယ်။

ဒါပေမဲ့ ဒီ အစီအစဉ်တွေ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ် လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးတွေကို အရင်က လုပ်ခဲ့ပေမဲ့ ဒီသီးနှံတွေရောင်းနိုင်တဲ့ ဈေးကွက် အခက်အခဲကြောင့် ဘိန်းကိုပဲ ပြန်စိုက် နေကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရမယ်လို့ သက်ဆိုင်ရာက ကြေညာထားတဲ့အတွက် ခုလိုဘိန်းစိုက်မှုတိုးနေရင် လက်တွေ့ဖြစ်နိုင်ပ့ါမလား ဆိုတာကိုတော့ ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံးက အစိုးရဘက်က ဖြစ်အောင်လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်လို့ အကောင်းဘက်က မျှော်လင့်ပါတယ်။ အစိုးရသစ်ဘက်က ပူးပေါင်းဆောင်ရွက်မှု ပိုင်းနဲ့ ပတ်သက်လို့လည်း တိုးတက်လာတယ်လို့ ပြောနိုင်လားလို့ ဌာနေ ကိုယ်စားလှယ် Jason Eligh ကို VOA မြန်မာပိုင်းက မေးကြည့်ပါတယ်။

“မနှစ်ကထက်စာရင် ဒီနှစ်သိသိသာသာ ပြောင်းသွားတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ အလုပ် အတွက် သွားဖို့လိုတဲ့ နေရာတိုင်းကိုသွားခွင့်ရပါတယ်။ ခုထိသွားခွင့်မရသေးတာကတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာတွေပါ။ တခြားနေရာတွေကိုတော့ ဘာပြဿနာမှ မရှိဘဲသွားနိုင်ပါတယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ Afghanistan ပြီးရင် ဒုတိယဘိန်းအများဆုံး စိုက်ပျိုးနေတဲ့ နိုင်ငံတခုဖြစ်တယ် လို့လည်း ကုလသမဂ္ဂရဲ့ မူးယစ်ဆေးနဲ့ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC ကပြောပါတယ်။