မန္တလေး ရေးဘေးဒုက္ခသည်တွေ အကူအညီလိုအပ်ဆဲ

Mandalay Flood - 10-09-10

Mandalay Flood - 10-09-10

ဒီရက်ပိုင်းတွေအတွင်း မိုးများတာနဲ့ ဆည်ရေလွှတ်လိုက်တာတွေကြောင့် မန္တလေးမြို့နယ် အနီးအနားက မြို့နယ်တွေမှာ ရေလွှမ်းမိုးခဲ့တာ ဟာ ဒီကနေ့မှာဆိုရင် ရေ တပေလောက် ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ တချို့ မြို့နယ်တွေမှာ ရေ သိသိသာသာ မကျဆင်းသေးဘဲ သောင်းနဲ့ချီတဲ့ အိမ်ထောင်စုတွေဟာ ထောက်ပံ့ကူညီမှုတွေ လိုအပ် နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ မန္တလေးမြို့နဲ အနီးပတ်ဝန်းကျင် နောက်ဆုံးအခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ကိုမိုးဇော်က တင်ပြပေးပါလိမ့်မယ်။

ဒီနေ့အထိ မန္တလေးမြို့မှာ ဆက်လက်ပြီး ရေလွှမ်းမိုးနေတဲ့ နေရာတွေကတော့ ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန် မြို့နယ်တွေ အတွင်း ရပ်ကွက်တွေ ဖြစ်ပါတယ်။

ဒီရပ်ကွက်တွေဟာ ပန်ရန်တော်ချောင်း အနီးအနားက ရပ်ကွက်တွေဖြစ်ပြီး ကနကုန်း၊ အောင်ပင်လယ်၊ ထွန်တုံး၊ ကန်သာယာ၊ သမန်းကုန်း၊ မြရည်နန္ဒာ၊ ဂ-ရပ်ကွက်၊ ဃ ရပ်ကွက် စတာတွေ ပါဝင်ပါတယ်။

မန္တလေးမြို့မှာ ရေလွှမ်းမိုးတဲ့ နောက်ဆုံးအခြေအနေကိုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသူ မန္တလေးမြို့ခံ တယောက်က အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေက ရေက တပေလောက်တော့ ကျသွားပြီ။ တချို့နေရာတွေဆို တထပ်အိမ်ဆို အိမ်ခေါင်ထိ ရောက်တယ်ဗျ။ အဖျားခတ်တဲ့ နေရာတွေကတော့ ရေ တပေလောက် ကျတာ သိသာပေမဲ့ ခုနကပြောတဲ့ ထူးထူးကဲကဲ ရေတက်တဲ့နေရာတွေကျတော့ ရေတပေလောက်ကျတာ မသိသာသေးဘူး။ ကျနော်တို့ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် ဒီနှစ်ကတော့ တော်တော်ဆိုးပါ တယ်။ ချမ်းမြသာစည်မြို့နယ်ဆို အရှေ့ပိုင်း တပိုင်းလုံးက ရေလွှမ်းပါတယ်။ အိမ်ထောင်စုနဲ့ ပြောမယ်ဆို အိမ်ထောင်စု သောင်း ချီပါတယ်”

တချို့ရပ်ကွက်တွေမှာဆို လူတွေဟာ အိမ်ပေါ်ကမဆင်းနိုင်သေးဘဲ ကူညီကယ်ဆယ်ရေးလုပ်သူတွေဟာ အိမ်တိုင်ယာရောက် ထမင်းထုပ် တွေ သွားရောက်ဝေငှနေရတယ်လို့ သူက ဆက်ပြောပါတယ်။

“တချို့ဆိုရင် အိမ်တွေကနေ မဆင်းရဲသေးဘဲနဲ့ ကျနော်တို့က လှေတွေနဲ့သွားပြီးတော့ ထမင်းထုပ်ပို့ရတယ်။ အဖွဲ့အစည်း ပေါင်းစုံပေ့ါဗျာ။ လူမှုရေးအသင်းတွေ၊ သံဃာတော်တွေ၊ မြို့ထဲက ဈေးချိုက စေတနာရှင်တွေ ဒီလိုလူမျိုးတွေ ပေါင်းပြီး တော့ ကယ်ဆယ်ရေး၊ ထောက်ပံ့ ရေး ဒါတွေ လုပ်နေရတယ်၊ ထမင်းထုပ်ဆိုရင် ကျနော်တို့ ဆက်ပြီးတော့ ပို့နေရတယ် ခင်ဗျ။ ကျနော်တို့ဆိုရင် တရက်ကို ထမင်းထုပ် ပေါင်း ၅ ထောင်၊ ၆ ထောင် အဲလိုမျိုးစုပြီးတော့ ဝေနေရတယ်။ ဒါတောင်မှ တချို့ နေရာတွေမှာ မရောက်တဲ့နေရာတွေ ရှိတယ်”

ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေ တွေ့နေရတဲ့အခက်အခဲကတော့ ကူညီရေးသွားဖို့ လှေ မလုံလောက်တာဘဲ ဖြစ်တယ်လို့ ပြော ပါတယ်။

လက်ရှိရေလွှမ်းမိုးနေဆဲဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်မှာ နေထိုင်သူတယောက်ကတော့ ဒီလို ရေဘေးဒုက္ခ ရောက်နေ သူတွေကို အာဏာပိုင်တွေက လာရောက်ကူညီတာတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

“အဲဒါတော့ ကျမတို့ မတွေ့ရသေးဘူးရှင့်။ မနေ့တုန်းကတော့ ကန်သာယာဘက်ကို လာသွားတယ် ကြားတာပဲ။ ဒီဘက်တော့ မကြားသေး ဘူးရှင့်။ အခုလောလောဆည်တော့ ကျမတို့ မြင်နေတာကတော့ ဒီ မြို့ထဲကနေပြီးတော့ စေတနာရှင် တွေက လာပြီးတော့ ကူညီကြတာ ရပ်ကွက်တွေထဲထိလိုက်ပြီးတော့ တအိမ်တက်ဆင်းပေါ့။ တအိမ်တက်ဆင်းဆို ရင်ဆို့ လောက်ရှိတဲ့ ရေတွေကို ထမင်းထုပ်တွေကို ခေါင်းပေါ် ရွက်ပြီး တောင်းတွေနဲ့ ခေါင်းပေါ်ရွက်ပြီး ရေသန့်ဗူးတွေနဲ့ တအိမ်စီ တအိမ်စီ ရေတွေထဲမှာ လိုက်ဝေကြတာရှင်”

ပန်းရံတော်ချောင်း အနီးအနားက ရပ်ကွက်တွေမှာတော့ အခုချိန်ထိ ရေက ရင်စို့လောက်အထိ ရှိနေဆဲဖြစ်ပြီး ထမင်းချက်စားလို့ မရ သေးတာကြောင့် ကူညီထောက်ပံ့သူတွေကို စောင့်မျှော်နေကြရဆဲဖြစ်တယ်။

ရေဘေးဒုက္ခကြုံနေရသူတွေကို မန္တလေးမြို့ပေါ်က လူမှုရေး၊ ဘာသာရေးအဖွဲ့တွေသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အခြားနိုင်ငံရေး ပါတီတွေကလည်း တတ်အားသမျှ ဝိုင်းဝန်းကူညီထောက်ပံတာတွေ ရှိနေတယ်လို့ အခြား မန္တလေးမြို့သား တယောက်က ပြောပါတယ်။

ဒီ ရေကြီးတာမှာ အသေအပျောက်တချို့ရှိတယ်လို့ ဒေသခံတချို့ကပြောဆိုတာ ရှိပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

Weekly 11 ဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာတော့ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ရေဘေးဒုက္ခသည်တွေ အတွက် ဘုရားပုရဝုဏ်၊ ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားပြီး ဒေသအာဏာပိုင်တွေ၊ သံဃာတော်တွေ၊ လူမှုကူညီရေးအသင်းနှင့် ပုဂ္ဂလိက စေတနာရှင် များက ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို ရေကြီးရတာကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ မန္တလေးမြို့ပေါ်နဲ့ အထက်ပိုင်းဒေသတွေမှာ မိုးများတာနဲ့ ဆည်တော်ကြီး၊ ဆည် တော်လေး စတဲ့ ဆည်တွေကနေ ရေလွှတ်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာပြည်အနှံ့အပြားမှာ မိုးများခဲ့တာကတော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်း ကြောင့် ဖြစ်ပါတယ်။

အခုရက်အတွင်း ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေက ကောင်းမွန်လာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“မိုးကတော့ ဟိုးမြောက်ပိုင်းကနေ တောင်ပိုင်းအထိ တိမ်တွေတော့ ကျဲသွားပြီ။ ရာသီဥတုကတော့ ကျနော်တို့ အခေါ် တော့ improving ပေါ့။ ဘယ်နေရာလောက်ပဲ နည်းနည်းကျန်မလဲဆိုရင် ဒီ ဧရာဝတီတောင်ပိုင်း ရန်ကုန်အစပ်ကနေ အောက်ပိုင်း တပိုင်းလုံးမှာတော့ တိမ် ကျန်တယ်ပေါ့။ ရခိုင်မှာတောင် မရှိတော့ပါဘူး၊ တိမ်တွေ တော်တော်နည်းသွားပြီ။ တခြမ်းကလျော့တယ်၊ တခြမ်းကတော့ ရှိတုန်းပေါ့”

ဒီလို ဘင်္ဂလားပင်လယ်အော်ဘက်မှာ ငြိမ်သက်သွားပေမဲ့ နောက်ရက်တွေမှာတော့ တောင်တရုတ်ပင်လယ်ဘက်က လေဖိအားနည်း ရပ်ဝန်း အခြေအနေကို သတိထားဖို့ လိုမယ်လို့ ပြောပါတယ်။

“ဘင်္ဂလားပင်လယ်အော်အပိုင်းကတော့ ပြန်ငြိမ်သွားပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ တောင်တရုတ်ပင်လယ်က ပြန်ပြီးတော့ တက်နေပြန် တယ်။ လောလောဆည်ကို လေဖိအားနည်းရပ်ဝန်း၂ ခု အရှေ့မှာ ရှိနေတယ်ပေါ့နော်။ ဒီရက်ပိုင်းမှာတော့ မိုး နည်းမယ်။ တရက်တန်သည် ၂ ရက် တန်သည်ပေါ့။ နောက်ပိုင်းမှာတော့ တောင်တရုတ်ပင်လယ်က ဟာကိုတော့ ကြည့်ရ အုံးမယ်။ ဒါပေမဲ့ နောက် ၃ ရက်၊ ၄ ရက် ကြာလာတဲ့အချိန်မှာတော့ အရှေ့ဘက်ကဟာလေးကို ဘယ်လို အနေအထား ရှိမလဲ ဆိုတာတော့ ဒါ ထုတ်ပြန်ချက်လေးတွေကို စောင့် နားထောင်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်”

ဒီလ ပထမပတ်အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မုန်တိုင်းဒဏ်ကြောင့် မိုးသည်း ထန်ပြီး မြစ်ရေကြီးတာတွေ၊ ရေလျှံတာတွေ ဖြစ်ခဲ့တာကြောင့် လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့ပါ တယ်။