စူပါကွန်ပြူတာ Watson

Ken Jennings y Brad Rutter fueron los concursantes que se enfrentaron a la máquina Watson.

သတင်း အချက်အလက်တွေကို အမြန်ဆုံး အသုံးပြုနိုင်အောင် စီစစ်ရွေးထုတ်ပေးနိုင်တဲ့၊ အမေး အဖြေ ပါလုပ်နိုင်တဲ့ အစွမ်းထက်တဲ့ စူပါကွန်ပြူတာ Watson ကို IBM ကွန်ပြူတာ ကုမဏီက တီထွင်နိုင်ခဲ့ပါပြီ။

အမေရိကန် ရုပ်သံအစီအစဉ်တွေထဲမှာ လူကြိုက်များတဲ့ ဉာဏ်စွမ်းပြိုင်ပွဲ အစီအစဉ် တခုဖြစ်တဲ့ Jeopardy ကဏ္ဍမှာ ကွန်ပြူတာနဲ့ လူသား ပြိုင်ကြတဲ့ ပြိုင်ပွဲကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ကနေ ၁၆ ရက်နေ့ အထိ ၃ရက် ဆက် ပြသခဲ့ပါတယ်။

IBM company ရဲ့ ကွန်ပြူတာနံမယ်က Watson ပါ။ သူနဲ့ ပြိုင်မယ့် သူက လူသား ၂ယောက် မို့ ပြိုင်ပွဲ အတွက် ကွန်ပြူတာကို ၃ယောက်ပွဲစဉ်တွေ ထည့်ပေးထားပါတယ်။ ပြိုင်ပွဲက အမေးအဖြေ လုပ်ရတာပါ။ မေးတာကို ပထမဆုံး သိတဲ့သူက မေးခွန်းရဲ့ အဖြေကို ပြောပြီး ဖြေနိုင်တဲ့အပေါ်မှာ အမှတ် တွက်ပါတယ်။

ဖြေကြားမယ့် သူတွေအတွက် အဖြေရှာရာမှာ အထောက်အကူအဖြစ်နဲ့ ခြေရာကောက်နိုင်တဲ့ အချက်အလက်တွေကို ပေးသလို Watson အတွက်လည်း စက်ထဲကို ဒီအချက်အလက်တွေ ထည့်ပေးပါတယ်။ စက်ကလေး Watson က သုံးယောက် ယှဉ်ပြိုင်ကစားရတဲ့ အခြေအနေကို နားလည်နိုင်စွမ်းရှိကြောင်း ပြသခဲ့သလို အမေး အဖြေ ကစားတဲ့ ပုံစံအတွက် စက်ကြောင်သွားတာမျိုးလည်း မရှိခဲ့ပါဘူး။

ဉာဏ်ရည်ပြိုင်ပွဲ ၂ပွဲ စလုံးမှာ စူပါကွန်ပြူတာ Watson က Jeopardy ချံပီယံဟောင်းတွေဖြစ်တဲ့ သူနဲ့ ယှဉ်ပြိုင်ခဲ့သူ Ken Jennings နဲ့ Brad Rutter တို့ကို အနိုင်ရခဲ့ ပါတယ်။

ပထမ ဆုငွေ အဖြစ် Watson က ဒေါ်လာ တသန်းရခဲ့ ပြီး ဒီဆုငွေတွေကို IBM က World Vision နဲ့ World Community Grid ကို ၅သိန်းစီ လှူဒါန်းခဲ့ ပါတယ် ။

ဒီပြိုင်ပွဲတွေမှာ သိပ္ပံဆိုင်ရာ အချက်အလက်တွေ၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ပထဝီဝင်ဆိုင်ရာ အချက်အလက် တွေသာမက စကားလုံး အသုံးအနှုံးနဲ့ တခြား ကဏ္ဍမျိုးစုံ အတွက် မေးခွန်းတွေ ထုတ်ထားတာပါ။ Watson က အချက်အလက် ညွှန်ကြားချက်ပေါင်း (80 Trillion) သန်းပေါင်း သန်း ၈၀ ထဲကအဖြေကို စက္ကန့်ပိုင်းအတွင်းမှာပဲ ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Watson ဆိုတဲ့နံမယ်ဟာ IBM computer company ရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်တဲ့ Thomas J. Watson ကို ဂုဏ်ပြုပြီး ပေးထားတဲ့ နံမယ်ပါ။ သူဟာ Q&A လို့ အတိုကောက်ခေါ်တဲ့ အမေး အဖြေ အစီအစဉ် အတွက် David Ferrucci ဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ artificial intelligence software တခုဖြစ်ပါတယ်။

အခုလို အစွမ်းပြနိုင်ခဲ့တဲ့ Watson ကို ဆေးလောကမှာ သုံးနိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်။ Watson ကို မွေးထုတ်လိုက်တဲ့ IBM ကုမဏီက ကိုလံဘီယာ တက္ကသိုလ် ဆေးကျောင်းနဲ့ မေရီလန်း ဆေးတက္ကသိုလ်တွေနဲ့ စာချုပ် ချုပ်လိုက်ပါပြီ။ IBM က ဆရာဝန်တွေနဲ့ လူနာတွေအတွက် ဆေးပညာဆိုင်ရာ လက်တွေ့ အသုံးချနိုင်မယ့် ဒီဇိုင်းပုံစံတွေ ရေးဆွဲတော့မှာပါ။

Maryland ဆေးကျောင်းက Radiology လို့ခေါ်တဲ့ ဓာတ်မှန်ဌာနရဲ့ ဒုတိယ အကြီးအကဲ Eliot Siegel ကတော့ စူပါကွန်ပြူတာ Watson ကနေ စက်စွမ်းအားနဲ့ အသိဉာဏ်ထုတ်နှုတ် သုံးစွဲနိုင်တာကို ပြခဲ့တာမို့ ဒါဟာ ဆေးပညာလောကအတွက် အသုံးကျမယ့် အလားအလာတခု လို့ ဆိုပါတယ်။

"ကွန်ပြူတာကနေ ဘာလုပ်ရမယ်ဆိုတာကို နားလည်နေတာ ပြနေပါတယ်။ ကွန်ပြူတာသုံး ဘာသာစကား မဟုတ်တဲ့ natural language လို့ခေါ်တဲ့ အရေး၊ အဖတ်၊ အပြောလိုမျိုး ဆက်သွယ်တဲ့ သဘာဝကို ပုံဖေါ် နိုင်တာတွေ့ရပြီး ဖြစ်နိုင်ချေ ပေါင်းများစွာကို တွက်ချက်နိုင်တဲ့ အပြင် အမြန်ဆုံး အဖြေထုတ်ပေးနိုင်တာ ပါ တွေ့ရပါတယ်

ဒါကြောင့်မို့ စက်နဲ့ မှတ်တမ်းတင်ထားတဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို နှိုင်းယှဉ် စစ်ဆေး နိုင်စွမ်း ရှိမှာဖြစ်ပြီး ဘာရောဂါ ဖြစ်နေတယ် ဆိုတာကို ရှာဖွေဖို့ပါ အကူအညီရမှာပါ။ ဒါ့ပြင် ရောဂါကို ဘယ်လို ကုသမယ်ဆိုပြီး ပြင်ဆင်ဖို့ နဲ့ အကြမ်းဖျင်း ဆုံးဖြတ်ချက်တွေ ချရာမှာ အထောက်အကူ ကောင်း ကောင်းကြီး ရနိုင်ပါတယ်"

ဒါတွေ အပြင် ဆေးပညာလောကမှာ ကမ္ဘာတလွှားက တွေ့ရှိချက်တွေကို မှတ်တမ်းတင်ထားတာ မရေမတွက်နိုင်အောင် ရှိတာမို့ ဆရာဝန်တွေ သူနာပြုတွေအနေနဲ့ ဒီတွေ့ရှိချက်တွေထဲက အချက်အလက်တွေကို စုစုစည်းစည်းနဲ့ နှိုင်းယှဉ် စစ်ဆေးရာမှာ Watson ရဲ့ အစွမ်းအစကို အသုံးပြုနိုင်တယ်လို့ လည်း ဆိုပါတယ်။

"ရောဂါရှာဖွေတဲ့နေရာမှာ ဒီအချက်အလက်တွေအားလုံးကို ကျေကျေလည်လည်သိသလို သိတာ ကိုလည်း အစီစဉ်တကျ တင်ပြနိုင်တဲ့ စံနစ်တခုကိုရတာမို့ ဒါဟာ တကယ့်ကို အထောက်အကူ ဖြစ်စေတာပါ။ ကျွန်တော့်အမြင်ပြောရရင်တော့ ကျွန်တော့်အတွေ့အကြုံနဲ့ အသိပညာအရ ရောဂါ ရှာဖွေဆန်းစစ်တဲ့နေရာမှာ သူ့ကြောင့် ပိုပြီး အမြင်ကျယ်လာနိုင်မှာဖြစ်သလို လူနာတွေအတွက် ပိုစိတ်ချရပြီး ထိရောက်တဲ့ ကုသမှုမျိုးတွေ လုပ်ပေးနိုင်မှာပါ"

Dr. Siegel က အခုလို ချီးမွမ်းလိုက်ပေမယ့် Watson ဟာ စက်ဖြစ်တဲ့အတွက် သူ့ကို သုံးနိုင်ဖို့ ပထမဆုံး software လို့ခေါ်တဲ့ ခိုင်းတာကို သိမယ့် အချက်အလက်တွေ စီစဉ်ပေးတဲ့ စံနစ်မျိုးကို ထည့်ပေးရမှာပါ။ အစီအစဉ်တကျ စက်ကတင်ပြနိုင်လာစေဖို့ အရင်ဆုံး စလုပ်ပေးဖို့လိုပါတယ်။ ဆေးပညာဆိုင်ရာ တွေ့ရှိချက် အမြောက်အများကို စံနစ်တကျ အဆက်အစပ်လုပ်ပေးနိုင်ဖို့ အကျဉ်းချုံ့ထားတဲ့ အချက်အလက်တွေ အဖြစ် စီစဉ်ပြီးမှ စက်ထဲ ထည့်သွင်းပေးရမှာပါ။

"Dr. Watson ဖြစ်လာစေမယ့် အစီအစဉ်တခုကို ကျွန်တော်တို့ ရဖို့လိုပါတယ်။ ဒါကလည်း Jeopardy ကစားတဲ့ Watson နဲ့ မတူပါဘူး။ Dr. Watson ဟာ ဘာရောဂါ ဖြစ်နေတယ်လို့ ကောက်ချက်ချနိုင်တဲ့ သီအိုရီကို ပုံဖေါ်ပေးနိုင်စွမ်းရှိရပါမယ်။ ရောဂါလက္ခဏာ အချက်အလက်တွေ အများကြီးထဲကမှ ဒါတွေ ဒါတွေကတော့ ဖြစ်နိုင်တယ်လို့ စစ်ထုတ်ပေးနိုင်စွမ်း ရှိရမှာဖြစ်သလို ဘာလက္ခဏာပြရင် ဘာရောဂါ ဖြစ်နိုင်တယ်ဆိုတာမျိုး စံနစ်တကျလည်း ပြနိုင်စွမ်းရှိရမှာပါ။ ဒါတွေက Jeopardy ကစားတာထက် အများကြီး ရှုပ်ထွေးပါတယ်"

အခုလို ခက်ခဲနက်နဲတဲ့ ပြဿနာတွေကို ထောက်ပြ ဖြေရှင်းပေးနိုင်တဲ့ Dr. Watson ကို ရဖို့အတွက် တော့ လာမယ့် ၂ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတယ်လို့ Dr. Siegel က ပြောပါတယ်။

ဆရာဝန်တွေနဲ့ လူနာတွေအတွက်တင် မကသေးပါဘူး။ အမေးတွေကိုဖြေဖို့ ဖန်တီးထားတဲ့ Watson ကို ခရီးသွား လုပ်ငန်းတွေ၊ စီးပါွးရေးဆိုင်ရာ နဲ့ ဝန်ဆောင်မှုအမျိုးမျိုး အတွက် ပါ သုံးနိုင်တော့ မှာဖြစ်ပါတယ်။