မြောက်ကိုရီးယားနျူလက်နက်စမ်းသပ်မှု ဆိုင်းငံ့ချက်အာရှနိုင်ငံတွေသတိနဲ့ကြိုဆို

နျူကလီယား လက်နက်နဲ့ တာဝေးပစ် ပဲ့ထိန်းတပ်ဒုံး လက်နက် စမ်းသပ် ပစ်လွှတ်မှုကို ရပ်ဆိုင်းထားမဲ့ မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အပေါ် အာရှနိုင်ငံတွေက သတိနဲ့ ကြိုဆိုနေကြပါတယ်။ အရင်က ပေးခဲ့တဲ့ ကတိတွေကို မြောက်ကိုရီးယား က ဖျက်ခဲ့တဲ့ သာဓကတွေ ရှိခဲ့လို့ ခုလို သတိထား ကြိုဆိုနေကြတာဖြစ်ပါတယ်။

ယူရေနီယံ သန့်စင်ခြင်း အပါအဝင် နျူကလီယားဆိုင်ရာ ဆောင်ရွက်ချက်တွေ မြောက်ကိုရီးယားအစိုးရက ရပ်ဆိုင်ထား မယ်ဆိုတဲ့ ထူးခြားတဲ့ သတင်းကို အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တပြိုင်ထဲ ကြေညာခဲ့ ကြတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မက်ထရစ် တန်ချိန် ၂၄,၀၀၀ ရှိတဲ့ အစားအသောက် အကူအညီကို မြောက်ကိုရီးယားကို ပေးနိုင်ဖို့ ဆောင်ရွက် သွားမယ်လို့ အမေရိကန်က ပြောပါတယ်။

အပေးအယူ သဘောတူညီမှုအရ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက စုံစမ်းစစ်ဆေးရေးမှုးတွေ မြောက်ကိုရီးယားကို သွားရောက် စစ်ဆေးနိုင်မှာဖြစ်တယ်လို့လဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။