ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်မြေ ၃ နေရာမှာ လုံခြုံရေးအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ အဲဒီ ရက်ရွှေ့ဆိုင်းလိုက်တဲ့ မဲဆန္ဒနယ်မြေတွေကတော့ ကချင်ပြည်နယ် ဖားကန့် ၊ မိုးကောင်း နဲ့ ဗန်းမော် မဲဆန္ဒနယ်မြေတွေဖြစ်ပါတယ်။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့ ဝင်ရောက်အရွေးခံမယ့် ဒေါက်တာတူးဂျာက ဒီသတင်းနဲ့ ပတ်သက်ပြီး ဗီအိုအေကို အခုလို ပြောပြပါတယ်။
“မဲဆန္ဒနယ် ၃ ခုစလုံးပေါ့ ၊ ဗန်းမော်ရယ် ၊ မိုးကောင်းရယ် ၊ ဖားကန့်ရယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ထုတ်ပြန်တာပါ။ သူတို့က အရင် တီဗီမှာ ကြားသိရတယ်။ အဲဒါကို ရန်ကုန်ကအသိမိတ်တွေတွေကလည်း အကြောင်းကြား ပါတယ်။ အဲဒါကို MRTV 4 မှာလည်း ပြောသွားပါတယ်”
ဒေါက်တာတူးဂျာဟာ အရင်တုန်းကနိုင်ငံရေးပါတီထူထောင်ဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေမပေးခဲ့ပါဘူး။ အခုတော့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံဖို့ ခွင့်ပြုချက်ရရှိပြီးတဲ့အခါမှာ အဲဒီမဲဆန္ဒနယ်မြေတွေမှာ လုံခြုံရေးအခြေအနေတွေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အခုလို ပြောပါ တယ်။
“ပြောမယ်ဆိုရင်တော့ တော်တော်လေးစိတ်မကောင်းတော့ဖြစ်မိတာပေါ့။ ဘာကြောင့်လဲဆိုရင် ကျနော်က လည်း အားကြိုးမာန်တက် ကြိုးစားပြီးလုပ်ဆောင်နေတာ။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပ ပေးမယ်ဆိုတာလည်း ယုံကြည်မှုအပြည့်နဲ့ ကျနော်တို့ကြိုးစားလုပ်ဆောင်နေတာကို။ ပြည်သူလူထုက လည်း တော်တော်လေးစိတ်ဝင်စားနေတာကို သိရှိရတယ်လေ။ အဲဒီတော့ ဒီကြားဖြတ်ရွေးကောက်ပွဲက တော်တော် လေးအသက်ဝင်လှုပ်ရှားလာတတွေ့ရတယ်။ အဲဒါအခုကျနော် ရွှေ့ဆိုင်းလိုက်ပြီဆိုတော့ ကိုယ်စားလှယ် တွေသာမက ပြည်သူတွေလည်း တော်တော်လေး စိတ်မကောင်းဖြစ်ကြပါတယ်”
ကေအိုင်အို (KIO) ကချင်လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဒေါက်တာတူးဂျာက ပြောပြသွားတာဖြစ်ပါတယ်။