မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို

Irrawaddy delta

မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။

တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖု့ိဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းစတဲ့ မြန်မာပြည်က အဓိက မြစ်ကြီးတွေရဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မျိုးဆက်သစ်တွေအကျိုးအတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနဲ့ ရေစီးရေလာ ကောင်းမွန်ရေးအတွက်ရည်ရွယ်ပြီး အခုလို တားမြစ်မိန့် ထုတ်ပြန်တာဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ထုတ်ပြန်ချက်ကို FREDA ခေါ် သယံဇာတပတ်ဝန်းကျင် ဖွံဖြိုးတိုးတက် ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ဒုဥကဌ ဦးအုံးက ကြိုဆိုကြောင်း ပြောပါတယ်။

“သတ္ထုတွေမတူးဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ဗျာ။ တူးလို့ရှိရင်လည်း ဘေးအန္တရာယ် မဖြစ်အောင် တူးလ့ိုရှိရင်တော့ ကျနော်တို့ မကန့်ကွက်ပါဘူး။ ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့မှာ ရွှေတူးတဲ့ အခါမှာ စက်တွေနဲ့ တူးတယ်။ စက်တွေနဲ့တူးပြီးတော့ ပြဒါးတို့၊ ဆိုင်ယာနိုဒ်တို့ သုံးတော့ အကုန်လုံး အဆိပ် တွေသင့်ပြီးတော့ pollution တွေဖြစ်တယ်။ အခု ရွှေတူးတာက မြစ်တွေ ချောင်းတွေ အင်းတွေ အိုင်တွေ အကုန်လုံး အဆိပ်တွေ သင့်ပြီးတော့pollution တွေဖြစ်လို့ ကန့်ကွက်နေရတာပါ။”

ဒီမြစ်ကြီးတွေရဲ့ ရေစီးရေလာကောင်းမွန်ရေးအတွက်ဆိုရင် မြစ်ကြောင်းတွေပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေက မြစ်ရေစီးဆင်းတာကို ထိခိုက်စေနိုင်ကြောင်း ဦးအုံးက ဆက်ပြောပါတယ်။ ဒါကြောင့် လက်ရှိ တည်ဆောက်နေတဲ့ ရေကာတာတွေကို သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကို သေချာဆန်းစစ်ဖို့ လိုအပ်ကြောင်း ဦးအုံးက ထောက်ပြပါတယ်။

“ရေကာတာတွေ ဆောက်လ့ိုရှိရင် သုံးမျိုးလုပ်ရမယ်။ EIA လို့ခေါ်တဲ့ Environment Impact Assessment ၊ SIA လို့ခေါ်တဲ့ Social Impact Assessment ၊ နောက်တခုက Environmental Management Plan ၊ Environment ပျက်တဲ့အတွက် ဘယ်လို ပြန်ပြီးကောင်းအောင် လုပ်မယ်ဆိုတဲ့ Plan ပါ လိုပါတယ်။ ဒီ၃ခု မလုပ်ဘဲနဲ့ ဘယ်ရေကာတာမှ ဆောက်ခွင့်ပြုဖို့ မကောင်းပါဘူး။ ခုက ဘာမှ မလုပ်ဘဲနဲ့ သူတို့ဖာသူတို့ စလုပ် နေတယ်။ ဒီဟာတွေလုပ်လို့ အဖြေထွက်မှ ပြည်သူလူထုကို ချပြ ၊ ပြည်သူလူထုက ကောင်းတယ်၊ မကောင်း တယ် ဝေဖန်သုံးသပ်ပြီး ဒီမိုကရေစီဆန်ဆန်လုပ်ပြီးမှ အစိုးရက ဆုံးဖြတ်ရမှာ။ အခုတော့ ဘယ်သူမှ မဆုံး ဖြတ်ခင် သူတို့ လုပ်ချင်ရာ လုပ်တယ်။”

ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က လက်ထောက် တာဝန်ခံ မအားနန်ကတော့ သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“အခုချိန်မှာ နေပြည်တော်က ပြောလိုက်တဲ့အလုပ်တွေက တိုင်းရင်းသားဒေသတွေမှာ တကယ်ထိရောက်မှု မရှိဘူးလို့ ကျမတို့ မြင်တယ်။ ဒီမြစ်ဆုံနေရာမှာ တကယ်တမ်း ဘယ်သူရွှေတူးနေလဲ။ သူတို့ အရင်ကတည်း ကလည်း မနှစ်ကတည်းကလည်း ကြေညာခဲ့တယ်။ မြစ်ချောင်းတွေမှာ ရွှေအကြီးးအကျယ် တူးခွင့်မပေး တော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီဒေသမှာက ဆက်လက်ပြီးတော့ တူးဖော်နေတယ်။ တကယ့် အစိုးရဌာန တွေကနေပါဝင်ပြီးတော့ ဆက်လက် တူးဖော်နေတာကို တွေ့ရှိရတယ်။ အဲဒါကြောင့် တကယ်တမ်းမြစ်ဆုံမှာ တခြားမြစ်ချောင်းတွေပေါ်မှာ ရွှေတူးရပ်မရပ်ဆိုတာကို ကျမတို့ သေချာလေ့လာစမ်းသပ်ဖု့ိလိုတယ်ပေါ့နော်။”

မအားနန်ကတော့ မြစ်ကြီးးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် မြစ်ကြီးးတွေပေါ်မှာ တည်ဆောက်တဲ့ ရေကာတာတွေ သာမက မြစ်လက်တက်ပေါ်က ရေကာတာတွေကိုပါ ရပ်တန့်ဖို့ လိုမယ်လို့ ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့မြစ်ချောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီရေကာတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ် ပေါ့နော်။ ဥပမာ ဧရာဝတီမြစ်မှာဆိုရင် ရေကာတာဆောက်ခြင်းအားဖြင့် မြစ်အောက်ပိုင်းမှာ ဆိုးကျိုး အများကြီး ရှိနိုင်တယ်ဆိုပြီးတော့မှ ပညာရှင်တွေအပြင် ကျမတို့ အမြဲတမ်းတောင်းဆိုတာရှိတယ်။ ဒါပေမဲ့ အစိုးရ ပြောတာကတော့ သူ့ဆီမှာစီးဝင်နေတဲ့ မြစ်လက်တက်တွေအများကြီးပဲလို့ ပြောတယ်။ တကယ်တန်း ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တွေကိုပြန်ကြည့်မယ် ရွှေလီတို့၊ မြစ်ငယ်မြစ်တို့ ပြန်ကြည့်မယ်ဆိုရင် ဒီမှာ ရေကာတာဆောက်ပြီးတဲ့ဟာနဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပြည့်နေတဲ့ဟာတွေ ရှိတယ်။ ဒီလိုမျိုးစီမံကိန်းတွေ ရှိနေသရွေ့ကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီမြစ်ချောင်းအင်းအိုင်တွေကို လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အခြေအနေရောက်သွားမှာပဲ သေချာ တယ်။”

မြန်မာပြည်ရဲ့ အဓိကမြစ်ကြီးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ကြောင်းကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာပြည်တွင်းက ပညာရှင်တွေနဲ့ ပြည်သူအများက ဧရာဝတီမြစ်ဆုံ ဆည်တည် ဆောက်တာကို ကန့်ကွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတက ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

လောလောဆည်မှာတော့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း (၇) ခု၊ သံလွင်မြစ်ပေါ်မှာ တာဆန်း၊ ဝဲကြီး၊ ဟတ်ကြီး၊ ဒါးဂွင်၊ ရွာသစ်ရေကာတာစီမံကိန်းနဲ့ ချင်းတွင်းမြစ်မှာ တမံသီ ရေကာတာစီမံကိန်းတွေကို အချို့ တည်ဆောက်နေပြီး အချို့ကို တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီရေကာတာတွေကြောင့် ကျေးရွာနဲ့ လယ်ယာမြေ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ နစ်မြုပ် ဆုံးရှုံးမှာဖြစ်သလို မြစ်အောက်ပိုင်းဒေသတွေမှာလည်း ရေခမ်းတာနဲ့ ပင်လယ်ရေဝင်ရောက်လာမယ့် ဆိုးကျိုးသက်ရောက်တာတွေ ရှိနိုုင်ကြောင်း သုံးသပ်ကြပါတယ်။

ဒီရေကာတာ စီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားကိုလည်း အိမ်နီးချင်းတိုင်းပြည်တွေကို အဓိက တင်ပို့ ရောင်းချမှာဖြစ်တာကြောင့် ဒေသခံတွေ အကျိုးအမြတ်မရနိုင်ကြောင်းလည်း ဝေဖန်ကြပါတယ်။