အီရတ်နိုင်ငံဘက်ဂ်ဒက်ဂ်မြိုု့မှာ ကျင်းပနေတဲ့ထိပ်သီးညီလာခံကနေ ဆီးရီးယားအရေးအထူးကိုယ်စားလှယ် ကိုဖီအာနန် ရဲ့ ငြိမ်းချမ်းရေးဦးဆောင်လုပ်ငန်းတွေကို အထောက်အကူပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို အာရပ်ခေါင်းဆောင်တွေ စဉ်းစားဆွေးနွေးခဲ့ကြပါတယ်။
ဒီထိပ်သီးညီလာခံမှာ အတည်ပြုချက်ရဖို့ အာရပ်နိုင်ငံများအဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေရေးဆွဲတဲ့ မူကြမ်းမှာ အတိုက်အခံ ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးပြီး ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ် နေတာတွေ ရပ်တန်းကရပ်ဖို့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက သူ့ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေဆဲဘဲလို့ ကိုဖီအာနန်ကပြောပါတယ်။
အစိုးရတပ်တွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေကို အင်အားသုံး တိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။ Hama ဒေသက တိုက်ပွဲတွေမှာ အရပ်သား ၄ ယောက်၊ အစိုးရတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့ပါတယ်။ ဆီးရီးယားအစိုးရဟာ ငြိမ်းချမ်းရေးကို လက်တွေ့ မဆောင်ရွက်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာနပြောခွင့်ရ Victoria Nuland ကပြောဆိုပြီး သမ္မတအာဆတ်ရဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်လို့ ထပ်လောင်း သတိပေး ပြောဆိုခဲ့ပါတယ်။