တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)

တပ်မှူးတပ်သား ပြောစကား (၀၅၄)

မြန်မာနိုင်ငံက အစိုးရသစ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့သလို အမေရိကန်ပြည်ထောင်စုက လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်အဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဌာနက အာရှ-ပစိဖိတ်ရေးရာ လက်ထောက်ကာကွယ်ရေး ဝန်ကြီး ဒဲရစ်(က်) မစ်ရဲှ(လ်) (Derek Mitchell) ကို ခန့်အပ်လိုက်ပါပြီ။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ဘဝဖြစ်စဉ်အကျဉ်းချုပ်နဲ့ အမေရိကန်-မြန်မာ တပ်မတော်နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးတွေကို၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ် နဲ့ မေးမြန်း ဆွေးနွေးပြီး၊ ဦးရော်နီညိမ်းက တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့profile (ဘဝကောက်ကြောင်းတစေ့ တစောင်း) ကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ၊ သူဟာ ရန်ကုန်ဇာတိဖြစ်တယ်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ ကြီးတယ်။ မီးသတ်နဲ့ မျက်နှာချင်းဆိုင်က၊ တိုက်ကြီးမှာ နေတယ်လို့ အခု profile ပို့ထားတဲ့ တစ်ယောက်က၊ အဲဒီလောက်ထိ အသေးစိတ်ရေးထားတာ ကျနော်တို့ တွေ့ရပါတယ်။ သူဟာ “အထက(၁) လသာ” က နေပြီး ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ပြီးတော့ ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ်မှာ ဥပဒေအဓိက ဘာသာရပ်နဲ့၊ တက္ကသိုလ်တက်တယ်။ တက္ကသိုလ်အရံတပ်ရင်းမှာ ပါဝင်ခဲ့တယ်။ စစ်တက္ကသိုလ်အပတ်စဉ်(၁၇)ကိုခေါ်တာ နောက် ကျတဲ့အတွက်ကြောင့်မို့ ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်ပေ မယ့်၊ သူဟာ အပတ်စဉ်(၁၇)ကနေစပြီး ဖြေခွင့်ရခဲ့တယ်။ ဒါပေမယ့် သူ အပတ်စဉ် (၁၇)နဲ့လည်း ပါမသွားဘူး။ သိပ်မကြာဘူး၊ စစ်တက္ကသိုလ်အပတ်စဉ်(၁၈) ခေါ်တော့လည်း သူ ဝင်ဖြေတယ်။ အဲဒါလည်း မရဘူး။ နောက်ဆုံး ဥပဒေအဓိက (ဒုတိယနှစ်) ဖြစ်နေတဲ့အချိန်မှာ၊ သူဟာ အသက်မှီနေသေးတဲ့အတွက် အပတ်စဉ်(၁၉)နဲ့ ဖြေတဲ့အချိန်မှာတော့၊ ရသွားတယ်။ အဲဒါကလည်း အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်နဲ့ မင်္ဂလာဒုံဗိုလ်သင်တန်း အပတ်စဉ်တူ ဂျပန်ခေတ်က တက်ခဲ့ဖူးတဲ့၊ မော်ကွန်းဝင်ကြီးတစ်ဦးရဲ့ လိုက်လံပြောဆို ဆောင်ရွက်ပေးမှုကြောင့် ဖြစ်တယ်လို့၊ အခုဒီ profile ထဲမှာ ပေးပို့လာသူက ရေး ထားတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီမှာ ဘာမြင်ကြည့်လို့ရလဲ ဆိုတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်မတော်အပေါ်မှာ တကယ့်ကို သံယောဇဉ်ကြီးကြီးနဲ့၊ အဲဒီလောက် ခက်ခက်ခဲခဲနဲ့ တပ်မတော်အရာရှိဘဝကို ရယူထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ၊ ဘယ်လိုပဲပြောပြော တပ်မတော်အတွက်ရော အဲဒီ ကမှတဆင့် မြန်မာနိုင်ငံအတွက်ရော၊ သူဟာ ကောင်းရာမွန်ရာကို လုပ်ချင်တဲ့ စိတ်ဆန္ဒ မရှိနိုင်ဘူးလား။ ဒါကိုလည်း ကျနော်တို့ အဲဒီလိုမျိုး ဒီဘက်ကနေ၊ မြင်ကြည့်လို့ မရဘူးလား။ ဗိုလ်မှူးအောင်လင်းထွဋ် သူနဲ့ အထက်အောက် ကပ်ရက်၊ စစ်တက္ကသိုလ်မှာ နေခဲ့ဖူးတော့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ စစ်တက္ကသိုလ် ရောက်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဒုတိယနှစ်၊ ကျနော်တို့က ပထမနှစ် ပါ။ ကျနော်တို့ ပထမနှစ် ဖြစ်စဉ်တုန်းကတော၊့ ဗိုလ်ချုပ်မင်းအောင်လှိုင် ကို တွေ့ရင် ကျနော်တို့ တော်တော်ကြောက်ရပါတယ်။ ကျနော်တို့ သူ့ရှေ့က ဖြတ်သွားရင်တော့ လက်ကပ်ရင် ကပ်ပြန်ပြီ။ လက်အိပ်နှိုက်ရင် နှိုက်ပြန်ပြီ ဆိုတဲ့ အမျိုးမျိုးအပြစ်ရှာပြီး အင်မတန်လုပ်တဲ့ အတွက် ကြောင့်မို့၊ ကျနော်တို့ ပထမနှစ်တွေ အနေနဲ့၊ ဒုတိယနှစ်ဗိုလ်လောင်း မင်းအောင်လှိုင် အပေါ်မှာတော့၊ သူ့ကိုမြင်ရင် ကျနော်တို့ ဝေးဝေးက ရှောင်တဲ့အနေအထားမျိုး ရှိပါ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ စစ်စည်းကမ်း အလွန်တရာ လိုက်နာတယ်။ စည်းကမ်းကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ် တယ်လို့ရော တဘက်ကနေ မြင် ကြည့်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်၊ အဲဒီလို အကောင်းအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့၊ စစ်တက္ကသိုလ်ထဲမှာ သူ စစ်စည်းကမ်းဖောက်လို့ တခြားဗိုလ်လောင်းတွေလို အချုပ်ကျတာတို့ ဘာတို့တော့၊ မတွေ့ခဲ့ဘူးပါ ဘူး။ သူ့မှာ ကောင်းတဲ့ အချက်လေးတွေလည်း ရှိနိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့နေရာကို ဆက်ခံဖို့ ရွေးတယ်ဆိုတဲ့ နေရာမှာလည်းပဲ၊ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင်ရဲ့ အထက်က စီနီယာတွေ အကုန်လုံးကို ရှင်းဖယ်ထုတ်ပြီးတော့မှ၊ သူ့ကို ဒီနေရာကို ပေးခဲ့ရတာလို့ ကျနော်တို့ မြင်ကြည့်လို့လည်း ရနိုင် ပါတယ်။ သူ ဗိုလ်သင်တန်းဆင်းပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးဖြစ် လာတဲ့ အထိ၊ ဘဝဖြစ်စဉ် ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သူတို့ 19th Intake (စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် - ၁၉) ကျောင်းဆင်းသွားပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ တပ်မ(၈၈)က တပ်ရင်းတရင်းမှာ တာဝန်ကျ ခဲ့ဖူးတယ်လို့ ကျနော်တို့ သိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ၁၉၇၉ လောက်တုန်းက တပ်မ(၈၈) ဒု-တပ်မမှူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်မှာ စတုတ္ထအကြိမ်ပါတီညီလာခံ ၁၉၈၁မှာ ကျင်းပတဲ့အချိန်မှာ၊ ဗိုလ်မှူးကြီးသန်းရွှေဟာ တပ်မ(၈၈)ရဲ့ တပ်မမှူးဆိုတာ တွေ့ထားရပါတယ်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ခြေမြန်တပ်မမှူးများလည်း၊ ပါတီဗဟိုကော်မီတီဝင်များ ဖြစ်ခဲ့ကြ ပြီး၊ လေးနှစ်တစ်ကြိမ် ပြုလုပ်သော ပါတီညီလာခံများတွင်၊ လက်ရှိပါတီဗဟိုကော်မီတီဝင်များ အပါအဝင် ညီလာခံတက်ရောက်ကြသည့် ကိုယ် စားလှယ်များ အားလုံးတို့၏ ကိုယ်ရေးဖြစ်စဉ်များကို စာအုပ်အဖြစ်ပုံနှိပ်ပြီး၊ ညီလာခံတွင် ဖြန့်ဝေပေးထားသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ၁၉၇၇ ဒီဇင်ဘာမှာ သူတို့ ကျောင်းဆင်းသွားတာ ပါ။ ဒါကြောင့်မို့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ လောက်မှာတော့ ကိုမင်းအောင်လှိုင်တို့ အနေနဲ့ လုံခြုံရေးတပ်စုမှူးလို လို အနီးကပ်လိုက်တဲ့ လူလိုလိုနဲ့ သူတို့ ဒီတပ်မမှာ staff လည်း မဟုတ်၊ ကျန်တဲ့ တပ်စုမှူးလည်းမဟုတ်ပဲ၊ နေခဲ့ထိုင်ခဲ့တဲ့ အနေ အထားမျိုးရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်မ(၄၄) တပ်မမှူးအနေနဲ့ တွေ့ရပြီးတဲ့နောက်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-အမ်း) တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ-ကျိုင်းတုံ် တိုင်းမှူးတွေ ဖြစ်ပြီးတဲ့နောက်မှာ၊ သူဟာ ကစထ(၂)(ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ - ၂) ရဲ့ ကစထမှူး ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီကနေမှ သူဟာ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း-ရေ-လေ)) ဆိုတဲ့နေရာကို ရောက်သွားတဲ့ အချိန်မှာတော့၊ သူ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံခြားသွာရင်လည်း ခေါ်သွားတာကို တွေ့ရပါတယ်။ ဥပမာ သိရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်တွေကို သွားတုန်းက။ ဒါဟာ ဗိုလ်ချုပ်ကြီးနေဝင်းတုန်းက လုပ်ခဲ့တဲ့ အစဉ် အလာမျိုးလား။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ သူ ထပ်ပြီးတော့ အဆင့်ရာထူး တိုးမြှင့်ပေးတော့မယ့်၊ စစ်ရာထူးကြီးတွေကို ခန့်မယ်လို့ သူရည်မှန်းထားတဲ့ ပုဂ္ဂိုလ်တွေ ကို၊ အနီးကပ်လေ့လာဖို့အတွက် နိုင်ငံခြားခရီးသွားရင် သူနဲ့အတူ ခေါ်သွားလေ့ ရှိတယ်ဆိုတာ၊ ကျနော်တို့ စာအုပ်စာတမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာလည်း ဒီထုံးစံကိုပဲ လိုက်သလား။ ဗိုလ်မှူး ဘယ်လိုမြင် ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အိန္ဒိယကို သွားတုန်းက၊ ဗိုလ်ချုပ်ကြီးမြင့်အောင်(တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဖြစ်လာမည်ဟု သတင်းပြေးနေရာမှ၊ အနားပေးခြင်းခံခဲ့ရသော စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်အောင် - DSA 18) ပါ သွားပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အိန္ဒိယကိုသွားတဲ့ ပထမ တခေါက်မှာလား၊ ဒုတိယ တခေါက်မှာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒုတိယ တခေါက်မှာပါ။ မနှစ်က သွားတုန်း၊ ဗိုလ်ချုပ်ကြီးမြင့်အောင်ကို ခေါ်သွား ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်ကြီးမြင်အောင် ဖြစ်လာမယ် မှန်းထား ကြတာပါ။ နောက်ပိုင်း တရုတ်ပြည်သွားတဲ့အခါကျတော့၊ ဗိုလ်ချုပ်မင်း အောင်လှိုင် ပါသွားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ စကားကို ပြန်ကောက်ရရင်၊ ဘယ်လိုပဲပြောပြော ဒီပုဂ္ဂိုလ်ဟာ၊ ခေတ်ပညာတတ်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်။ ထက်ထက်မြက်မြက် ရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ အခု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတယ်။ သမ္မတတို့ ဒုသမ္မတတို့ပြီး ရင်၊ သူဟာ အာဏာအရှိဆုံးလို့ တောင် ပြောလို့ရတယ်။ အဲဒီတော့ တိုင်းပြည်အတွက် သူ ဘယ်လိုလုပ်သွားမယ်လို့ မျှော်လင့်ပါသလဲ။ တပ်မတော်အတွက်ရော တိုင်းပြည် အတွက်ရော။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုမင်းအောင်လှိုင် စကားတခွန်းကို ကျနော် သွားသတိရမိပါတယ်။ သူ ကစထမှူး ဘဝတုန်းက “ဝ” နယ်မြေကို သွားတဲ့အခါမှာ၊ အဓိကကတော့ဗျာ border guard (နယ်ခြားစောင့် တပ်) ကိစ္စရယ်၊ ဘိန်းစိုက်တဲ့ ကိစ္စရယ်နဲ့ ပတ်သက်ပြီး သူ ပြောခဲ့တဲ့စကား တခွန်း ရှိခဲ့ပါတယ်။ အမေရိကန်ကသာ အကူအညီပေးမယ်။ ငါတို့နဲ့ အမေရိကန်နဲ့သာ အဆင်ပြေမယ်ဆိုရင်တော့၊ မင်းတို့ကို ချမယ်ဆိုတဲ့ သူ ကြိမ်းဝါးခဲ့တဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းက သူပြောခဲ့တာကို ကျနော် မှတ်မိလိုက်ပါတယ် ခင်ဗျ။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကလည်း၊ ငယ်စဉ်ကတည်းက တပ်မ(၈၈)ဆိုတာ တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ ကွန်မြူနစ်နဲ့ တိုက်လာခဲ့တာ ဆိုတော့၊ တရုတ်ကိုတော့ သူက လိုလိုလားလားနဲ့ ပေါင်းချင်သင်း ချင်တဲ့ အနေအထားမျိုးမရှိဘူး၊ ဆိုတာတော့ ရှင်းပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ကျနော်တို့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို လေ့လာခဲ့တဲ့ တလျှောက်လုံးမှာလည်းပဲ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးတယ် ဆိုတာတောင်မှ ပဲ၊ အနောက်နိုင်ငံတွေကိုပဲ အထင်ကြီးတယ်၊ အနောက်အုပ်စုနိုင်ငံ တွေကိုပဲ လိုလားတာကို ကျနော်တို့ တွေ့ရ တယ်။ ဥပမာအားဖြင့် ဂျာမန် Fritz Warner (၁၉၆၂ ခုနှစ်က စပြီး၊ တပ်မတော်ကာကွယ်ရေး ပစ္စည်းစက်ရုံ -ကပစ-များအတွက် လိုအပ်သမျှ ဆောင်ရွက်ပေးသည့် ဂျာမန်ကုမ္ပဏီ) ကုမ္ပဏီနဲ့ပဲ၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ခဲ့တာ တွေ့ရတယ်။ နောက်ပိုင်းမှာလည်း တောက်လျှောက် စစ်သင်တန်းတွေ တက်ဖို့၊ နိုင်ငံခြားကို ပို့တဲ့အခါမှာလည်း ၁၉၈၈ မတိုင်ခင်ကဆိုရင်၊ အရှေ့အုပ်စုနိုင်ငံတွေနဲ့ အခု နောက်ပိုင်းပို့တဲ့ တရုတ်လို နိုင်ငံ မျိုးတွေဆီကို၊ ပို့တာ မတွေ့ခဲ့ပဲ၊ အမေရိကားတို့ ဗြိတိန် တို့ကိုပဲ ပို့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဘာပ ဲပြောပြော စစ်ခေါင်းဆောင် အဆက်ဆက်ဟာ အနောက်ကိုပဲ လိုလားတယ်။ အနောက်အုပ်စုနဲ့ပဲ ပြေလည်ချင် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပဲ ဒီသဘောရှိတယ်။ အကြိမ်ကြိမ် ကြိုးစားနေတယ်၊ ကြိုးစားခဲ့တယ်ဆို တာ၊ ဗိုလ်မှူးတို့လည်း ကျနော်တို့ အင်တာဗျူးတွေမှာ ပြောပြခဲ့တာပဲ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လည်း ဒီသဘောပဲရှိတယ်လို့၊ အခု ဗိုလ်မှူးက မြင်တယ် ဆိုတော့၊ အနောက်အုပ်စုကရော သူ့အပေါ်မှာ ဘယ်လို မြင်မလဲ။ ဗိုလ်မှူးက အမေရိကန်နိုင်ငံမှာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့အတွက် ဘယ်လိုမြင်ပါ သလဲ။ အခုဆိုရင် ဒီမှာ ဒီက DEA (Drug Enforcement Administration – အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန လက်အောက် ခံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့) အဖွဲ့တွေတောင်၊ ဗိုလ်ချုပ်ကြီးကိုကို နဲ့တောင်မှ တချို့ သွားတွေ့ပြီး စကားပြောပြီးပြီဆိုတဲ့၊ သတင်းတွေ လည်း ကျနော်တို့ ကြားရပါတယ်။ (မြန်မာနိုင်ငံက) ပြည်ထဲရေးဝန်ကြီးဌာနနဲ့ DEA နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့်မို့လို့။ အဲဒီတော့ ဆက်ဆံ ကူးလူးမှု တော့ ရှိနေတယ်။ အဲဒီအခါကျတော့ အမေရိကန်တပ်မတော်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပေါ်မှာ ဘယ်လို သဘောထားမယ်၊ ဘယ်လို မျှော်လင့်မယ်လို့၊ ဗိုလ်မှူးအနေနဲ့ မြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့အမြင်ပြောရရင်တော့ ခုနက ကိုရော်နီပြောသလိုပဲ၊ ကျနော်တို့ ရှိစဉ် တုန်းကရော၊ ကျနော်တို့ အရင့်အရင် ဗိုလ်ချုပ်ကြီးမောင်အေးတို့ ကိုယ်တိုင်ကိုက၊ အမေရိကန်နဲ့ အနောက် အုပ်စုကိုပဲ လေးစားပါတယ်။ အထင်လည်းကြီးပါတယ်။ စစ်ပစ္စည်း၊ စစ် ဝတ် ၊ နောက်ဆုံးဗျာ အသုံးအဆောင် ပစ္စည်းကအစ Made in USA ဆိုတဲ့ ဟာမျိုးကိုမှ သဘောကျတဲ့လူပါ။ ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့ ပြောရရင်လည်း၊ အဲဒီလို လူတွေထဲမှာ ပါပါတယ်ခင်ဗျ။ အဲဒီတော့ အမေရိကန်အစိုးရအနေနဲ့ကလည်း၊ ကျနော်တို့ စစ်တပ်ထဲမှာ ရှိစဉ် ကတည်း ကိုက ကျနော်တို့ စစ်တပ်အပေါ်မှာ၊ စစ်သားနဲ့ (နိုင်ငံကိုအုပ်ချုပ်နေသော) စစ်အုပ်စုနဲ့ ဆိုတာကို ခွဲပြီးတော့မြင်ပါတယ်။ ကျနော်တို့ကိုယ်တိုင် လည်း အမေရိကားမှာ သင်တန်းတက်ခဲ့ဖူးတဲ့ အခါကျတော့၊ ဒါကို သိတယ်။ နောက်ပိုင်း ဒီဘက်အစိုးရ ဗိုလ်ချုပ်သန်းရွှေတို့ အုပ်ချုပ်တဲ့အခါကျ တော့၊ ဒီ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေကသာ၊ မတရားမှုတွေ မသမာမှုတွေ လုပ်နေတယ် ဆိုတာကို၊ အမေရိ ကန်အစိုးရအနေနဲ့ ကောင်း ကောင်းသိပါတယ်။ စစ်တပ်အပေါ်မှာ သိမ်းကျုံးပြီးတော့ အမေရိကန် အစိုးရအနေ နဲ့ အကောင်းမမြင်တဲ့ အနေအထားမျိုးတော့ မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အခုကျနော်တို့ ဒီအမေရိကန် စစ်တပ်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ၊ ဘယ်တိုင်းပြည်နဲ့ဖြစ်ဖြစ် ရုတ်တ ရက် အဆင်မပြေတော့ဘူး ဖြစ်သွားရင်၊ နိုင်ငံရေးအရ အဆက်အသွယ် ဖြတ်တောက်ပေမယ့် စစ်ရေးစစ်ရာကိုတော့ ဆက်ပြီး ဆက်ဆံရေးထား ရှိတာကို၊ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဥပမာဆိုရင် အင်ဒိုနီးရှား၊ သမ္မတ ဆူကာနို (Sukano) လက်ထက်မှာ၊ လက်ဝဲယိမ်းသွားတဲ့အတွက် ကြောင့်မို့ အမေရိကန်နဲ့အင်ဒိုနီးရှား အဆင်မပြေဖြစ်ခဲ့ပေမယ့်၊ တပ်မတော်နှစ်ခုရဲ့ ဆက်ဆံမှု၊ ဆက်သွယ်မှုကိုတော့ ဆက်ပြီး ထားရှိခဲ့တဲ့ အတွက်ကြောင့်၊ အမေရိကန်အနေနဲ့ရော အင်ဒိုနီးရှားအနေနဲ့ပါ အကျိုးမယုတ်ခဲ့ဘူး ဆို တာ ကျနော်တို့ သွားတွေ့ရပါတယ်။ ထိုနည်းလည်း ကောင်းပဲ၊ မြန်မာနိုင်ငံနဲ့ကျတော့၊ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဘက်က လုံးဝကို ဖြတ်တောက်လိုက်တာပေါ့နော်။ ဗိုလ်မှူးတို့ အသိဆုံးပဲ။ ဗိုလ်မှူးတို့က ၁၉၈၈ခုနှစ်မတိုင် ခင်မှာ အမေရိကန်အစီအစဉ်နဲ့ အမေရိကားမှာလာပြီး သင်တန်း တက်ခဲ့ဖူးတဲ့ လူတွေ၊ အခု ပြင်သစ်ကို ရောက် နေတဲ့ သံအမတ်ကြီး ဗိုလ်မှူးကြီးကျော်စွာမင်းတို့ ဆိုရင်လည်း၊ ဒီမှာ လာပြီး သင်တန်းတက်သွားတာ ပဲ။ အဲဒီတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာဘက်ကတော့ အဆက်အဆံ မဖြတ်လိုဘူး။ ဒီဘက်က ဖြတ်လိုက်တာကို မှားတယ်လို့၊ အမေရိကန်နိုင်ငံရေးသမားတွေက တော်တော် များများ ထောက်ပြကြတယ်။ အထူးသဖြင့် အခုအနားယူတော့မယ့် (အမေရိကန်ကွန်ဂရက်လွှတ်တော်မှ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု) ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝက်(ဘ်) (Democrat Senator Jim Webb of Virginia State) လို လူမျိုး။ သူကိုယ်တိုင်က စစ်သားဖြစ်ခဲ့တဲ့ အခါကျတော့၊ ဘာပဲပြောပြော စစ်တပ်ဆက်ဆံရေးကိုတော့ ပြန်ပြီး ထားချင်တယ်ဆိုတဲ့ ဟာမျိုးကို၊ သူက မကြခဏ၊ ရှေ့မှာ ရော ကန့်လန့်ကာ နောက်မှာရော၊ ပြောလေ့ရှိ တယ်။ စစ်တပ်ဆက်ဆံရေးဟာ၊ ဘယ်လိုပဲပြောပြော၊ ဆက်ပြီး ထားရှိရမယ့် အနေအထားမျိုးကို၊ လိုလား တယ် ဆိုတာ၊ အခုမှ အမေရိကန်က သဘောပေါက်သွားသလား။ အခုမှ ပြန်ပြီး မြန်မာစစ်တပ်ကို လူပျိုလှည့် နေ သလား။ အခုမှ ပြန်ပြီးတော့ ချဉ်းကပ်ဖို့ ကြိုးစားနေသလား။ အဲဒီလို အချိန်အခါမျိုးမှာ၊ အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၈ နောက်ပိုင်းပေါ့လေ၊ လုံးဝပြတ်သွားတာ မှန်ပေမယ့် တစိပ်တပိုင်းတော့လည်း ကျနော်တို့ အဆက်အသွယ် ရှိခဲ့ပါတယ်။ တခုပဲ ရှိပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက ဘာသွား အခက်အခဲရှိသလဲ ဆိုတော့၊ 1990 Election (မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ) မှာ၊ စစ်တပ်ကနေပြီး အာဏာလွှဲမပေးတဲ့ အပေါ် မှာ၊ ဒီက အမေရိကန်နိုင်ငံရေးသမားတွေနဲ့၊ အမေရိကန်စစ်တပ်ကြားမှာ အများကြီး ပြဿနာဖြစ်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုတဲ့လမ်းကြောင်း တစ်ခုလေးပဲ ချန်ထားခဲ့ပြီးတော့၊ ကျန်တာအားလုံး အဆက်ဖြတ် ပစ်လိုက်တယ်လို့ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီတော့ မူးယစ်ဆေး ဝါးနှိမ်နင်းရေးလမ်းကြောင်းလေးနဲ့ရော တပ်မတော်နှစ်ခုရဲ့ ဆက်ဆံရေး တဲတဲလေး ကျန်နေသေးရဲ့လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတုန်းက မူးယစ်ဆေးဝါးနှိမ်နင်းရေး လမ်းကြောင်းကတော့၊ ၁၉၉၂ ခုနှစ် လောက် ကတည်းက စပြီးတော့မှ၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC – National Security Council) အဖွဲ့နဲ့ ကျနော်တို့ Opium Yield Survey (ဘိန်းအထွက် နှုန်း လေ့လာတိုင်းတာရေး) ကို၊ ၂၀၀၃ ခုနှစ် အထိ၊ ဒီပဲယင်း (အရေးအခင်း) မတိုင်ခင်အထိ အဆက်အဆံ ရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်- မြန်မာတပ်မတော်နှစ်ရပ် ဆက်ဆံရေး - ဒုတိယပိုင်း” ကိုတော့၊ နောက် သီတင်းပတ်၊ စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။