စစ်အစိုးရက ဒီနှစ်အတွင်း ကျင်းပဖု့ိပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို နောက်နှစ်ကို ရွှေ့ဆိုင်းမယ်ဆိုရင် စည်းရုံးလှုပ်ရှားဖို့ အချိန်ပိုရနိုင်မယ်လို့ နိုင်ငံရေးပါတီတချို့က ယူဆ နေပါတယ်။ ဒါပေမဲ့ ပါတီတချို့ကတော့ စစ်အုပ်ချုပ်ရေးသက်တမ်း ပိုကြာမှာကို မလိုလားကြပါဘူး။ တသီးပုဂ္ဂလ နိုင်ငံရေးသမားတဦးဖြစ်တဲ့ အမျိုးသားရေး ဦးဝင်းနိုင်က တော့ စည်းရုံးလှုပ်ရှားချိန်ပိုရဖို့နဲ့ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲကို ပိုမို ယုံကြည်စေဖို့ ရွေးကောက်ကို ရွှေ့ဆိုင်းပါလို့ တောင်းဆိုထားပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် ကြေညာသတ်မှတ်တာမရှိသေးတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် နိုင်ငံရေးပါတီတွေဟာ ပါတီ တည်ထောင်ခွင့် ရပြီးမှ၊ မှတ်ပုံတင်ခွင့်ကျပြီးမှ စည်းရုံးလှုပ်ရှားကြရတာဖြစ်လို့ လူထုနဲ့ ထိတွေ့ရတဲ့ အချိန်ဟာ တိုတောင်း လွန်းတယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကို နောက်နှစ်မှာကျင်းပမယ်ဆိုရင် နိုင်ငံရေးပါတီ တရပ်အဖြစ် ခိုင်ခိုင်မာမာတည်ဆောက်ဖို့နဲ့ လူထုကို ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးဖို့ အချိန်ပိုရမယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်တဲ့ ဦးစိုးမောင်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ်ဆို ကန့်ကွက်ဖို့ မရှိပါဘူးလို့ ဆိုပါတယ်။
ကျနော်တို့က စပါတီဖွဲ့တာကိုက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက ပါတီဖွဲ့ပြီလို့လျှောက်တော့မှ သူတို့နောက်ကနေ လျှောက်ရတာကိုး။ နောက်တခုက NLD က မတ်လ ၂၉ရက်နေ့ ဆုံးဖြတ်ချက်တွေပြီးမှ ကျွန်တော်တို့က ဖွဲ့တာဆိုတော့ ရွှေ့မယ်ဆိုရင်လည်း အငြင်းမပွားပါဘူး။ ရွှေ့လည်း ကြိုဆိုရမှာပေါ့။ ကျွန်တော်တို့က ခုမှ စတုန်းရှိသေးတာကို။ ရွေးကောက်ပွဲ မဖြစ်မှာတော့ဖြင့် ကျွန်တော်တို့က စိုးရိမ်ပါတယ်။ ရွေးကောက်ပွဲ ရက်ရွှေ့တာကတော့ သင့်တင့်တဲ့အချိန်ဖြစ်ရင်တော့ ကျွန်တော်တို့ သဘောတူပါတယ်။
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကတော့ လူထုကို စည်းရုံးဖို့ အချိန်ပိုရရင် ပိုကောင်းတယ်လို့ ဆိုပါတယ်။
အချိန်မလုံလောက်ဘူး။ ဒါပေမဲ့ ရသလောက်လုပ်မှာပေါ့။ အချိန်ရရင်တော့ အလုပ်လုပ်လို့ ပိုကောင်းသွားတာပေါ့။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ဟာ အခုအခါမှာ ရန်ကုန်တိုင်းအတွင်း နယ်လှည့်စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး တိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ရွေးကောက်ပွဲရွှေ့သင့်၊ မရွှေ့သင့်ဆိုတဲ့အပေါ်မှာ သူရဲ့ သဘောထားကို အခုလို ပြောပါတယ်။
ရွေးကောက်ပွဲမှာ အချိန်လုံလုံလောက်လောက် ရမယ်ဆိုတဲ့ အခြေနေတခုကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၁၁ဆိုတာထက် ဒီဇင်ဘာ နောက်ဆုံးပတ်လောက်မှာ လုပ်ပေးနိုင်မယ်ဆိုရင် မဆိုးဘူးပေါ့။ ၂၀၁၀ထဲမှာပဲပေါ့။ ရွေးကောက်ပွဲလုပ်ခြင်းဆိုတဲ့ အခြေနေက စစ်တပ်ရဲ့ အုပ်ချုပ်မှုကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့ဆိုတာက ရွေးကောက်ပွဲအပြီး ဟိုဘက်မှာမှ ဖြစ်နိုင်မှာလေ။ ခုအချိန်မှာ ကျွန်တော်တို့ နေနေရတာက တိုင်းပြည်က စစ်အုပ်ချုပ်ရေးအောက်မှာ နေနေရတာ။ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ လုပ်ပေးမယ်ဆိုရင် ဒီဘက်က ပြင်ဆင်ရတဲ့သူတွေက အနည်းဆုံး ၆လလောက်ပြင်ဆင်ခွင့်ရတဲ့အတွက် မဆိုးဘူးပေါ့။ ၂၀၁၁ဆိုတဲ့ အခြေအနေကတော့ တအားဝေးကွာသွားပြီး စစ်အုပ်ချုပ်ရေးကို ပိုမို သက်ဆိုးရှည်စေတဲ့ သဘောဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်ပါတယ်။
ရွှေ့ရင် ဒီဇင်ဘာ နောက်ဆုံးပတ်လောက်ဆို မဆိုး၊ နောက်နှစ်ရွှေ့ရင် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာ စိုးရိမ်တယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ တသီးပုဂလနိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို လိပ်မူပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ကို စာပေးပို့ တောင်းဆိုခဲ့ပါတယ်။
သူရဲ့ပေးစာမှာတော့ နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ဖို့၊ စည်းရုံးလှုပ်ရှားဖို့ အချိန် နည်းပါးတာတွေနဲ့ တသီးပုဂ္ဂလ ပါဝင်ယှဉ်ပြိုင် လိုသူများ၏ အခန်းကဏ္ဍကိုသတ်မှတ် မထားတာတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် လာမယ့် ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက ယုံကြည်စေဖို့ အတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ ဖြစ်တယ်လို့ အမျိုးသားရေး ဦးဝင်းနိုင်က ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့အခြေအနေအရ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ဝိုင်းပြီးတော့ ဝေဖန်နေကြတယ်။ ဒါကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ဆိုထားတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဒါကို လုပ်ပြဖို့ လိုတယ်။ အဲဒီတော့ စည်းမျဉ်းတွေ ပြင်စရာရှိတာတွေ၊ လုပ်ထုံးလုပ်နည်း ပြင်စရာရှိတာတွေ ညှိကြ နှိုင်းကြ လုပ်ကြ ကိုင်ကြဖို့ လိုတယ်။ အဲလိုအခြေအနေမျိုးတွေကြောင့် နိုင်ငံတကာကလည်း လက်ခံနိုင်အောင် ပြည်တွင်းကလည်း လက်ခံနိုင်အောင် အချိန်ရှိပြီး သိက္ခာ ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဒီလပိုင်းနဲ့တော့ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ၂၀၁၁ ထဲကို ရွှေ့ပေးသင့်ပါတယ်လို့ ကျွန်တော် စာတင်လိုက်တာပါ။
ပါတီတည်ထောင်ခွင့်ရပြီး မနေ့ကပဲ ပါတီမှတ်ပုံတင် လျှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်ဟာ တိုတောင်းလွန်းတယ်ဆိုတာကို သဘောတူ ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ဆိုတဲ့အပေါ်မှာတော့ သူတို့ပါတီတွင်းမှာ ဆွေးနွေးထားတာမရှိလို့ သဘောထားမပေးပါဘူး။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ မြန်မာနိုင်ငံရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ရက်နေ့မှာ ကျင်းပမယ်လို့ သတင်းရကြောင်း ကမ္ဘာလုံးဆိုင်ရာ အာရှ အဖွဲ့အစည်းညီလာခံမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ သူ့အဆိုမှန်မယ်ဆိုရင် နိုင်ငံရေးပါတီတွေအတွက် ပြင်ဆင်ချိန်ဟာ ၃လကျော်လောက်သာရှိမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ထိ ပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ ၄၂ပါတီရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၈ပါတီအနက်က ၃၂ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့တယ်။ ကျန်ပါတီ တွေကို စိစစ်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေမှာတော့ တရားဝင် မှတ်ပုံတင်ခွင့်ရထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ တင်းကျပ်တဲ့ ဥပဒေစည်းကမ်းတွေနဲ့အတူ ဒေသခံထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်မှု အောက်မှာ စည်းရုံးလှုပ်ရှားနေကြရတာဖြစ်ပါတယ်။