ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၁)

တပ်မှူးတပ်သား ပြောစကား (၀၆၇)

မကြာသေးခင် ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ပြင်းထန်လာခဲ့ပြီးတော့၊ ဒေသခံတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က (၅) ဦးပါ ငြိမ်းချမ်းမှုတည်ဆောက်ရေး အ ဖွဲ့ ဖွဲ့ပြီး၊ ဒီအဖွဲ့နဲ့ KIA နဲ့ ဇွန်လ(၃၀)ရက်နေ့က အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးခဲ့ကြရာမှာတော့၊ အစိုးရ ရဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက နှစ်ဦးဖြစ်တဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး (ပထမတန်း) အရာရှိ ကြီးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တို့၊ မပါဝင်ခဲ့ကြပါဘူး။ ဒီအခြေအနေပေါ်မှာ၊ KIA နဲ့ အစိုးရစစ်တပ်တို့ ရဲ့ အပစ်အခတ်ရပ်စဲရေး အနေအထားကို၊ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ် နဲ့ ကိုရော်နီညိမ်းက၊ မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးအောင်လင်းထွဋ် ခင်ဗျား။ ဗိုလ်မှူးဟာလည်းပဲ၊ KIA နဲ့ အရင် မြန်မာစစ်အစိုး ရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အချိန်ကာလမှာ၊ တော်တော်လေးပဲ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခဲ့ရတယ်လို့၊ ကျနော်တို့က သိထားတဲ့အတွက်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ လက်အောက်ခံ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) နဲ့ အစိုးရစစ်တပ်တို့ အပစ်ရပ်ကြဖို့သဘောတူညီချက် ရခါနီးပြီဆိုတဲ့ အကြောင်းကို၊ ဗိုလ်မှူးကို မေးကြည့်ချင်ပါတယ်။ အစိုးရဘက်က လွှတ်လိုက်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အ ဖွဲ့မှာ စစ်ဘက်က ကိုယ်စားလှယ်ပါလာတာ မတွေ့ရဘူး။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်က ဘာ ကိုယ်စား လှယ်မှ မလွှတ်ဘူး။ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က တာဝန်ရှိတဲ့ စစ်ဆင်ရေး စစ်ဦးစီးမှူး (ပထမတန်း) တို့၊ စစ်ဘက်ရေးရာလုံခြုံရေးက ပုဂ္ဂိိုလ်တို့၊ ပါလာတာ မတွေ့ရပဲ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ် ဝန်ကြီးအဖွဲ့ထဲက နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်တဲ့အဖွဲ့နဲ့၊ KIO ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ပဲ တွေ့ကြတယ်။ အဲဒါက ဘာဖြစ်လို့ အစိုးရဘက်က စစ်ဘက်က ပါလာခြင်း မရှိတာလဲ ဆိုတာကို၊ ဗိုလ်မှူး အရင် သုံးသပ်ပေးပါခင်ဗျ။ ဘာများ ဝှက်ဖဲ ရှိပါသလဲ။

(၂၀၁၁ ဇွန် ၂၇ ရက်နေ့တွင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငြိမ်းချမ်းမှုတည်ဆောက်ရေးအကြိုညှိနှိုင်းမှုအဖွဲ့ကို၊ (၅) ဦးပါ အဖွဲ့နှင့် ဖွဲစည်းခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင်မှာ ကချင်ပြည်နယ်ဝန်ကြီးအဖွဲ့ထဲမှ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ အဖွဲ့ဝင်များမှာ ကချင်အမျိုးသားအတိုင်ပင်ခံဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊စည်းလုံး ညီညွတ်ရေးနှင့်ဒီမိုကရေစီ (UDPKS) ပါတီ၏ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး စစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီးထွန်းထွန်းအုန်း နှင့် စစ်ဘက်ရေးရာလုံခြုံရေးစစ် ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးနိုင်လင်းတို့၊ ဖြစ်ကြပါသည်။)

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဝှက်ဖဲ ရှိပါတယ်ခင်ဗျ။ စစ်တပ်ရဲ့ကိုယ်စားလှယ် အခုလို မပါတဲ့သဘော က၊ စစ်တပ်အနေနဲ့ကတော့ (KIA ကို တိုက်ခိုက်ခြင်း) လုပ်ချင်လုပ်မယ်၊ မင်းတို့ဟာမင်းတို့ ဆွေးနွေးချင်ရာ ဆွေးနွေး ဆိုတဲ့ အမြင်မျိုးဖြစ်အောင်၊ ခွ check လုပ်ထားတာပါ။ တဘက်ကလည်း နိုင်ငံရေးအရ ကမ္ဘာကို ပြောမယ်၊ ပြည်တွင်းကို ပြောမယ်၊ ငြိမ်းချမ်းရေးကို သူတို့(အစိုးရ) ဘက်က သည်းညည်းခံပြီး လုပ်နေပါတယ် ဆိုတာကို၊ သူတို့က ပြောမယ်။ တဘက်ကလည်း တပ်နဲ့ ဖိမှာပါ။ အခုဟာက သူတို့ (အစိုးရတပ်တွေ)က၊ ခြေ ကုပ်တခု ရသွားပါပြီ။ တာစန်း (တရုတ်ကုမ္ပဏီ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ရေကာတာတည် ဆောက်ရေး လုပ်နေသည့် နေရာ) တောင်ကုန်းတကုန်းကို ရသွားတဲ့အခါ၊ နောက်ထပ် တပ်တွေ ဝင်လာပါ လိမ့်မယ်။ KIA အနေနဲ့ ပြတ်ပြတ်သားသားဖြစ်ဖို့ လိုပါတယ်။ အခုလက်ရှိ ၁၉၉၄ က ချုပ်ဆိုထားတဲ့ စာချုပ်အ တိုင်း၊ စစ်တပ်က တပ်တွေ ပြန်ရုပ်သိမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တုန်းက နှစ်ဘက်တပ်တွေ အင်အား မတိုးချဲ့ရေးဆိုတာ၊ ပါပါတယ်။ စာချုပ်ချုပ်ပြီးတဲ့ နောက်ပိုင်းမှာ၊ မသိမသာမသိမသာ KIA ကလည်း အင်အားစုသလို၊ မြန်မာ့တပ်မတော်ဘက်က တပ်ဖွဲ့တွေကလည်း၊ KIA နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ နယ်စပ်တလျှောက်မှာ၊ တပ်ရင်းပေါင်း မြောက်မြားစွာကို ဖွဲ့တဲ့အနေအထားမျိုး ရှိပါတယ်။ ဝှက်ဖဲအနေနဲ့က တော့၊ မြန်မာ့တပ်မတော်အနေနဲ့ KIA ကို၊ ဟိုဘက်က တရုတ်နဲ့ ပေါင်းလို့ရရင်၊ ပေါင်းပြီးတော့မှ ကိုးကန့်လို လုပ်ချင်တဲ့ အနေအထားမျိုးရှိတယ်လို့၊ ကျနော် မြင်ပါတယ်။ ဒါ ဝှက်ဖဲပဲ ဖြစ်ပါလိမ့်မယ်။ အခုကလည်း၊ နေပြည်တော်အနေနဲ့ကလည်း၊ နိုင်ငံရေးအရ အရပ်ဘက် (အစိုးရ) က၊ အရပ်ဘက်ပဲ၊ ဆိုတဲ့ ပုံစံမျိုးနဲ့၊ သူတို့ ဝင်တဲ့ သဘောပါ။ မင်းတို့ဟာ မင်းတို့ အရပ်ဘက် (အစိုးရ) က၊ ဘယ်လောက်ပဲ ဆွေးနွေး၊ ဆွေးနွေး၊ ငါတို့ စစ်တပ်က မကျေနပ်လို့ တိုက်တယ်ကွာ လုပ်တယ်ကွာ၊ ဆိုတဲ့၊ နှစ်ခွပေါ့ဗျာ၊ အဲဒီအမြင် ရစေချင်တဲ့ ပုံစံမျိုး ကို၊ သူတို့ လုပ်တာပါ။

ဦးရော်နီညိမ်း ။ ။ KIO ဘက်ကဆိုရင်၊ KIO တွဲဘက်အတွေင်းရေးမှူး ဦးလနန် ပြောကြားချက်အရ ဆိုရင်၊ အပစ်အခတ်ရပ်စဲရေးဟာ မကြာခင် လက်မှတ် ရေးထိုးကြတော့မယ်၊ သူတို့ ဇွန်လ (၃၀) ရက်နေ့က တွေ့ဆုံမှုဟာ ပဏာမတွေ့ဆုံမှုလို့၊ သူက ပြောသွားခဲ့ပါတယ်။ အဲဒီတော့၊ အပစ်အခတ်ရပ်စဲရေးရဲ့ နောက်တ ဆင့်၊ လက်မှတ်ထိုးမယ့်အခါကျရင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ပဲ ထိုးမှာလား၊ ကာကွယ်ရေးဝန်ကြီးဌာနက မပါရင်တောင်မှ၊ အဖျဉ်းဆုံး လက်အောက်ခံ စစ်တိုင်းဖြစ်တဲ့ မြောက်ပိုင်းစစ်ဌာနချုပ်ရဲ့ ကိုယ်စားလှယ်က၊ လာပြီး မထိုးတော့ဘူးလား။ အဲဒါဆိုရင်၊ ဒီအပစ်အခတ်ရပ်စဲရေးကို KIA ဘက်က၊ ဘယ်လောက်အထိ ယုံ ကြည်စိတ်ချလို့ ရမလဲဆိုတာကို၊ ဗိုလ်မှူး ခန့်မှန်း တွက်ချက်ပေးပါ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ဘက်က ယုံကြည်မှုအနေနဲ့ကတော့၊ ပထမအကြိမ် ၁၉၉၄ ခုနှစ် တုန်းက၊ စစ်တိုင်းမှူးနှစ်ယောက်က (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင် (OTS 27) နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးကျော် (OTS 28 - ကွယ်လွန်)၊ ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးခဲ့တာတောင်မှ၊ အခုလို ကတိကဝတ်aတွကို ဖေါက်ဖျက်ပြီး လုပ်ခဲ့သေးတာပဲဗျာ၊ KIA အနေနဲ့ သတိထားဖို့က၊ လက်မှတ်ရေးထိုးရုံတင် မဟုတ်ဘူး၊ ကတိကဝတ်ပြုတဲ့ သက်သေလူကြီးတွေ ရှေ့မှာပါ၊ အကုန်လုံးက မျှမျှတတနဲ့ ပီပီပြင်ပြင်နဲ့ ဖြစ်အောင်တော့၊ လုပ်ဖို့လိုပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ နောက်ခံကို နည်းနည်း ပြန်ကြည့်ချင်ပါတယ်။ ဘယ်တုန်းကစပြီး KIA နဲ့ ငြိမ်းချမ်း ရေးယူတဲ့ကိစ္စ ဖြစ်ပေါ်လာတယ် ဆိုာကို အကျဉ်းချုံးပြီး၊ နောက်ခံကို ရှင်းပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ၁၉၉၀လောက်တုန်းက ဦးဘရန်ဆိုင်း(ကွယ်လွန်သူ KIO ဥက္ကဋ္ဌ) သက်ရှိ ထင်ရှား ရှိနေစဉ်အခါမှာ၊ ဝါရှင်တန်က မြန်မာသံရုံးမှာ သံအမတ်ကြီး၊ တခါ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနဲ့ အလုပ်သ မား ဝန်ကြီး လုပ်သွားခဲ့တဲ့ ဦးတင်ဝင်း (ထောက်လှမ်းရေးအရာရှိဟောင်း အငြိမ်းစားဗိုလ်မှူးကြီး တင်ဝင်း - OTS 35) ခေါင်းဆောင်တဲ့ အဖွဲ့နဲ့၊ KIA နဲ့ တွေဆုံခဲ့ကြတယ်။ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အချိန်မှာ၊ KIA က ပြန်ပြီး ဆက်သွယ်လာခဲ့တယ်။ အဲဒီအချိန်မှာ အကျိုးဆောင်တွေအနေနဲ့၊ အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးလဝမ် (ယခု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ)၊ နောက် ခရစ် ယာန်သင်းအုပ်ဆရာ ဒေါက်တာစားပွဲဂျွန် နဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်၊ ဒီသုံးယောက်နဲ့ (ရန်ကုန် စစ်ရုံး ချုပ်အရာရှိများ အိမ်ယာ) နဝရတ်ရိပ်သာက ကျနော့်အိမ်မှာ စတွေ့ပြီးတော့၊ ဒါတွေကို စလာခဲ့တာပါ။

ဦးရော်နီညိမ်း ။ ။ အရင် အစိုးရအဆက်ဆက်ဟာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေး ရင်၊ လက်နက်ချဖို့ပဲ အစိုးတွေဘက်က တောင်းဆိုနေတာကြောင့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်တွေက ဖြစ် မလာဘူး၊ ဒါပေမဲ့ အခု လက်နက်ကိုင်ထားပြီးတော့မှ၊ ငြိမ်းချမ်းရေး အပြီးအပြည့်အစုံကိစ္စကို၊ ဖြစ်ပေါ်လာမယ့် အစိုးရနဲ့မှ ဆက်ပြီးလုပ် သွားကြမယ်ဆိုပြီးတော့၊ မြန်မာ့တပ်မတော်နဲ့ KIA နဲ့ သဘောတူညီခဲ့တယ်၊ ဒီလိုမျိုး ဗိုလ်မှူးတို့ ပထမတကြိမ် ဆွေးနွေး ခဲ့တယ်လို့၊ သိရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတုန်းပဲလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကာလ နှစ်ခုပေါ့ဗျာ။ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်မှာ၊ ခုန ကိုရော်နီပြောခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ဗိုလ်ချုပ်ကြီးသန်းရွှေက (နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဒုတိယဥက္ကဋ္ဌ အနေနဲ့ ရှိပါတယ်။ အဲဒီ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း သွားခဲ့ ကြတယ်။ ဒါပေမဲ့၊ ၁၉၉၂ ခုနှစ် (ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချပြီး) ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတဲ့ အခါမှာ၊ အဲဒီ မူဝါဒတွေကို သူ ignore (လစ်လျူရှု) မလုပ်ရဲဘူး။ မစွန့်လွှတ်ရဲဘူး။ မကြိုက်လည်း မကြိုက်ဘူး။ ဘာသွားတွေ့ရလဲဆိုတော့၊ (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို) လက်နက်ကိုင်ခွင့်ပေးထားမယ် ဆိုပေ မဲ့၊ ကျနော့်ကို ဘာပြောခိုင်းလဲ ဆိုတော့၊ “မင်းတို့ KIO ကို လက်နက်ချခိုင်းလိုက်” လို့ ပြောခိုင်းပါတယ်။ ဗိုလ် ချုပ် (ဗိုလ်မှူးချုပ်) ကျော်သိမ်း (ထိုစဉ်က ဒုဗိုလ်မှူးကြီး) မအားလို့၊ ကျနော့်ကို ပြောခိုင်းလို့၊ (နှစ်ဘက်ကြားက အကျိုးဆောင်ပုဂ္ဂိုလ်တွေကို) ကျနော့်အိမ်ကိုခေါ်ပြီး၊ ဒီစကား ကျနော် ပြောခဲ့ရပါတယ်။ ကျနော်တို့မှာ ဘယ်သူ မှ ဒီလိုစကားမျိုးကို ပြောချင်တဲ့အနေအထားမျိုး မရှိခဲ့ဘူး။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ ကျနော်တို့ သိချင်တာက၊ ဗိုလ်မှူးကို ဘယ်လောက်အနေအထားမျိုးနဲ့ တာဝန်ပေး အပ်ခဲ့ခြင်း ခံခဲ့ရပါသလဲ၊ KIA နဲ့ စတင် စေ့စပ်တဲ့အချိန်မှာ၊ ဗိုလ်မှူးသည် ဘယ်အခန်းကဏ္ဍကနေ ဘယ်လိုကနေ ပါဝင် ခဲ့ရတယ် ဆိုတာလေး၊ သိချင်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော့်အဆင့်က ဗိုလ်မှူး၊ ရာထူးက G-2 (General Staff Officer – Grade 2 – Combat Intelligence Division) (တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ၊ စစ်ဦးစီးအရာရှိ - ဒုတိယတန်း) ပါ။ ကျနော်ဟာ အဲဒီ (ငြိမ်းချမ်းရေး) လုပ်ငန်းစဉ် တလျှောက်မှာ၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက staff တယောက်အနေနဲ့၊ ရန်ကုန် နောက် တန်းမှာနေပြီးတော့၊ ဒီလုပ်ငန်းတွေကို ကိုင်ရပါတယ်။ ရှေ့တန်း (ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ) ကိုတော့၊ ဗိုလ်ချုပ်ကျော်ဝင်း (OTS 38) (ထိုစဉ်က ဗိုလ်မှူးကြီး၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး) နဲ့ ဗိုလ်ချုပ် (ဗိုလ်မှူးချုပ်) ကျော်သိမ်း (DSA 11 ထိုစဉ်က ဒုဗိုလ်မှူးကြီး၊ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲထောက်လှမ်းရေးဌာနခွဲ၊ စစ်ဦးစီးအရာရှိ - ပထမတန်း) တို့၊ သွား ကြပါတယ်။ ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ဗိုလ်ချုပ်ကျော်သိမ်း တို့က (KIO နှင့်) ဆွေးနွေးချက်တွေကို၊ ကျနော့်ဆီကို ပို့ပါတယ်။ ကျနော်ကတဆင့် ဗိုလ်ချုပ်ခင်ညွန့်ဆီကို တင်ပြရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကမှ ဗိုလ်ချုပ်ကြီးသန်း ရွှေကို တင်ပြပါတယ်။ တခါ(ညွှန်ကြားချက်တွေကို) ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ် ခင်ညွန့်ဆီ၊ ဗိုလ်ချုပ်ခင်ညွန့် ကနေ ကျနော့်ဆီ၊ ကျနော်ကမှ (ရှေ့တန်းရှိ) ဗိုလ်ချုပ်ကျော်ဝင်း နဲ့ ဗိုလ်ချုပ်ကျော်သိမ်း တို့ဆီ ဆက်ပို့ ပေးခဲ့ရ ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီအချိန်မှာ ဗိုလ်မှူးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို၊ ဘယ်လို ခန့်မှန်းလို့ရလဲ ခင်ဗျ။ သူ သည် တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်လို့၊ လိုလိုလားလားနဲ့ လုပ်မှာလား၊ ဒါမှမဟုတ်၊ အဲဒီအချိန်မှာ ခဏ အချိုသတ်ထားပြီးတော့၊ နောင်တချိန်ကျရင်၊ အကုနု်လုံးကို ကြိတ်ဝါးပစ်မယ်ဆိုတဲ့ အနေအထားမျိုး လား။ ဗိုလ်မှူး ဘယ်လို လေ့လာတွေ့ရှိခဲ့ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ အဲဒီအချိန်တုန်းက၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို ကျနော် ယုံခဲ့တယ် ခင်ဗျ။ တိုင်းရင်းတွေက လက်နက်ကိုင်ထားပြီး၊ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်ကြမယ်၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရသွားတဲ့အခါ၊ ဒီလက်နက်တွေဟာ၊ တုတ်လောက်တောင်မှ တန်ဘိုးမရှိတော့ ဘူး၊ တယောက်နဲ့တယောက် ပြောကြဆိုကြမယ်၊ ငြိမ်းအေးသွားကြတဲ့အချိန်မှာ၊ နိုင်ငံရေးကိစ္စဟာလည်း တယောက်နဲ့တယောက် မညှိနှိုင်းလို့ မရစရာ အကြောင်းမရှိဘူးလို့၊ ကျနော် ယုံခဲ့တယ်။ ဒါပေမဲ့၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ၊ KNU (Karen National Union) အန်ကယ်မြ (ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ) တို့နဲ့၊ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျနော် အယုံအကြည်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ၊ သူ ကစားနေလို့ပဲ။ ကစားတဲ့နေရာမှာလည်း၊ ပြည်တွင်းရော ပြည်ပမှပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စကို အရုပ်(စစ်တုရင်နယ်ရုပ်) တခုလို၊ သူ ကစားခဲ့တဲ့ အနေအထားမျိုးရှိတယ်။ အဲဒီအချိန် အဲဒီအခါက၊ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို) ကို၊ သူ့အနေနဲ့ ဖြိုတဲ့ တိုက်တဲ့အခါမှာ၊ ဗိုလ်ချုပ်သန်းရွှေ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သူ့ရဲ့ လက်နက်တခုလို၊ သုံးခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၆ နောက်ပိုင်းက စပြီး၊ ကျနော်က မယုံတော့ဘူး။

ဦးရော်နီညိမ်း ။ ။ KIO က စစ်အစိုးရလုပ်ခဲ့တဲ့ (၁၉၉၃မှ ၂၀၀၇အထိ)အမျိုးသားညီလာခံကို၊ တောက် လျှောက် တက်လာခဲ့တာပဲ။ KIO က အမျိုးသားညီလာခံကို တက်နေတဲ့အချိန်မှာ၊ KIA က လက်နက်ကိုင်ထား ပြီး၊ အပစ်အခတ် ရပ်စဲထားတဲ့အနေအထားနဲ့၊ သွားနေတဲ့ အချိန်မှာ၊ KIO နဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ဆက်ဆံ ရေးဟာ တကယ်ပဲ ကောင်းနေလားခင်ဗျ။.

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ KIA ဟာ နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး တခုပါ။ သည်းးညည်းခံနိုင်သလောက်၊ သူတို့ သည်းညည်းခံတာ တွေ အများကြီး ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်နေစဉ် ကာလထဲမှာကိုက၊ တပ်ကနေ ဖမ်းပြီးသတ်တဲ့ ဆိုးဆိုးဝါး ဝါးကိစ္စတွေ ဖြစ်ခဲ့တယ်။ နောက်ဆုံး ကျနော်မှတ်မှတ်ရရဆိုရင် အဲဒီမှာ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) စစ်တိုင်း မှူးလုပ်သွားတဲ့၊ (အပစ်အခတ်ရပ်စဲရေး) လက်မှတ်ထိုးစဉ်ကလည်းပါတဲ့ ဗိုလ်ချုပ်စောလွင် (ကြည်း ၈၆၇၇ OTS 27) ဆိုရင်၊ KIA ကို မကြားဝံ့မနာသာ လူရှေ့သူရှေ့မှာ ဆဲတာဆိုတာတွေ ရှိပါတယ်။ ဒါတွေကို KIA က သည်းညည်းခံပြီး၊ ကျနော်တို့ ထောက်လှမ်းရေးကိုပဲ၊ ဒါတွေက ဒီလိုတွေ ဖြစ်နေတယ် ဆိုတာမျိုးတွေပဲ၊ ယဉ် ယဉ်ကျေးကျေးနဲ့ လှမ်းပြီး၊ ကျနော်တို့တို့ကို တင်ပြတာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို ကျနော်တို့ဆီက တဆင့် ဗိုလ်ချုပ်ကြီးခင်ညွန့်၊ တခါ ဗိုလ်ချုပ်ကြီးခင်ညွန့်နေ တဆင့် ထပ်ပြိးတော့ တင်ပြခဲ့တာတွေ ရှိပါတယ်။ အဲဒီ အချိန်က ငြိမ်းချမ်းရေးယူထားတာကို အပျက်ခံလို့ မရသေးတဲ့အခါကျတော့၊ ဗိုလ်ချုပ်စောလွင်ကို တိုင်းမှူးက နေ ဌာနလက်ကိုင်မရှိတဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီးဆိုပြီး၊ ရွှေ့ပစ်လိုက်ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ အမျိုးသားညီလာခံ မှာ KIO ဝင်ခွင့်ရတော့လည်း၊ ဒေါက်တာတူးဂျာ (၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့် ရွေးကောက်ပွဲဝင် ခွင့်တို့ကို၊ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြချက်အစုံတရာမပေးပဲ ပယ်ချခြင်းခံရသူ၊ အမျိုး သားညီလာခံကို စစ်အစိုးရအလိုကျ (၁၄)နှစ် တက်ရောက်ခဲ့သည့် ကချင်ခေါင်းဆောင်) တို့ကို တွေ့ပါလိမ့်မယ်၊ ခေါင်းပေါင်းစ တထောင်ထောင်နဲ့၊ အစိုးရဘက်ကနေ သူ့ကို အသုံးချတာတွေ ရှိတယ်။ သူတို့က သည်းညည်း ခံပါတယ်။ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံကို နောက်တကျော့ ပြန်စတဲ့အခါမှာ၊ တိုင်းရင်းသားအဖွဲ့တွေဟာ အချင်းချင်း စုစည်းပြီးတော့ နိုင်ငံရေးအရ သူတို့ကို အမျိုးသားညီလာခံမှာ ပြောခွင့်ပေးမယ်ဆိုတဲ့၊ သဘောတူ ညီချက်အရ သူတို့က အချက် (၁၂) ချက်လား (၁၄) ချက်လား မသိဘူး၊ (ညီလာခံကို) တင်ပြတာ ရှိပါတယ်။ ဒီလို တင်ပြတဲ့အခါမှာ၊ ဘာပြ ဿနာတက်လဲ ဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီကောင်တွေကို၊ ဒီလို (နိုင်ငံရေးအရ) ဆွေးနွေးခွင့် မပေးနိုင်ဘူး၊ ဒီအတိုင်းပဲ ignore လုပ်ထားလိုက်ဆိုပြီး၊ အမိန့်ပေးပါတယ်။ အဲဒီ လို အမိန့်ပေးတဲ့အခါမှာ၊ (အမျိုးသားညီလာခံ) အထဲမှာ၊ ပြဿနာတွေ အများကြီး ရှိလာပါတယ်။

ဦးရော်နီညိမ်း ။ ။ ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာ၊ ဖြစ်ပါတယ် ခင်ဗျာ။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာ့ တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၂)” ကို၊ နောက်သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေခင်း တွေမှာ၊ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။