နိုဝင်ဘာ ၂၀၊ ၂၀၁၀။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲပြီးလို့ ရွေးကောက်ပွဲရလဒ်တွေကို ကော်မရှင်က ကြေညာခဲ့ပါပြီ။ စစ်အစိုးရရဲ့ ကြံခိုင်ရေးပါတီဟာ ၈၀ရာခိုင်နှုန်းနီးပါးနဲ့ အပြတ်အသတ်အနိုင်ရလိုက်ပါတယ်။
ထူးခြားမှုတွေတော့ ရှိပါတယ်။ ကမ္ဘာမှာ ရှားတောင့်ရှားပါး မဲပေးသူအရည်အတွက် တရာ ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ မြို့နယ်အတော်များများကို ရွေးကောက်ပွဲကော်မရှင်ကြေညာချက်တွေမှာ တွေ့ရပါတယ်။ တနေရာမှာတော့ အရှိန်လွန်ပြီး၊ တောင်ငူ မဲဆန္ဒနယ် အမှတ် (၁)မှာ မဲပေးသူ ရာခိုင်နှုန်း ၁၀၂ အထိ ဖော်ပြမိပါတယ်။ နောက်တနေ့မှာတော့ ပြင်ဆင်ချက်ထုတ်ပေးပါတယ်။ ဒါ့အပြင် လုံခြုံရေးအရ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသအချို့မှာ ဘယ်သူအနိုင်ရသလဲဆိုတာ ကော်မရှင်က ကြေညာမိပါတယ်။ နောက်တနေ့မှာ ပြင်ဆင်ချက် ပြန်ထုတ်ပါတယ်။
ရွေးကောက်ပွဲအတွင်းမှာလည်း ကြံခိုင်ရေးပါတီဟာ ကြိုတင်မဲတွေကို လိုသလောက် ထုတ်သုံးခဲ့တယ်လို့ ယှဉ်ပြိုင်ဖက် ပါတီအချို့က ဝေဖန်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ဟာ သူကိုယ်တိုင်က လွတ်လပ်မှုရှိပါရဲ့လား၊ စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေကိုရော လေးစားလိုက်နာမှုရှိပါရဲ့လား ဆိုတာတွေကိ ဒီသတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကောင်းမြင့်ထွဋ်၊ Burma Partnership အဖွဲ့က မခင်ဥမ္မာ တို့နဲ့ ဆွေးနွေးမေးမြန်းထားပါတယ်။