၂၀၁၂ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်

၂၀၁၂ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်

၂၀၁၂ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်

ဒီနှစ်လိုပဲ လာမယ့်နှစ်မှာလည်း ကမ္ဘာ့စီးပွားရေးဟာ ဆက်လက် ကျဆင်းနေဦးမယ်လို့ စီးပွားရေး ပညာရှင်တွေ ခန့်မှန်းထားပါတယ်။

ရှေ့လာမယ့် ၂၀၁၂ ခုနှစ်ကျရင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတွေ လျော့နည်းနေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ စီးပွားရေး အခြေအနေတွေ နာလန်ပြန် ထူလာမလား၊ အကျပ်အတည်းတွေနဲ့ နောက်တကြိမ် ကြုံရဦးမှာလား ဆိုတာက ရှေ့နှစ် စီးပွားရေး တိုးတက်မှုတွေအတွက် အဓိကကျတဲ့ ကိစ္စဖြစ်မယ်လို့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စီးပွားရေး ဆန်းစစ်သူတွေ သတိပေးနေကြတာပါ။ ကုန်လွန်ခဲ့တဲ့ နှစ်အတွင်း အခြေအနေတွေနဲ့၊ လာမယ့် နှစ်သစ်မှာ ကမ္ဘာ့စီးပွားရေးအတွက် စိမ်ခေါ်မှုတွေအဖြစ် ဘာတွေရှိနေသလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ အလားအလာ အစီရင်ခံစာက ရှေ့လာမယ့် နှစ်ထဲ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ ကျဆင်းမယ်လို့ သတိပေးထားပါတယ်။ ဒီနှစ်လယ်ပိုင်းကစလို့ နှေးကွေးလာနေတဲ့ စီးပွားရေး အခြေအနေတွေဟာ လာမယ့် ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေအထိ ရှိနေလိမ့်ဦးမယ်လို့လည်း ဖော်ပြထားတာပါ။ ကမ္ဘာ့စီးပွားရေး တခုလုံးရဲ့ ဖွံ့ဖြိုးမှု ပမာဏ အနေနဲ့ ဒီနှစ်မှာ ၂.၈% ရှိနေရာကနေ ရှေ့နှစ်ထဲမှာတော့ ၂.၆% အထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကျရင်တော့ ၃.၂% လောက် ပြန်တက်လာနိုင်တယ်လို့ တွက်ဆထားပေမဲ့ ဒါဟာလည်း စီးပွားရေး အကျပ်အတည်းတွေ မကြုံရခင် အခြေအနေထက် နိမ့်ကျနေဆဲမှာပါ။ ဒီလို စီးပွားရေး ဖွံ့ဖြိုးမှုတွေ အားနည်းနိုင်မယ့် အလားအလာတွေကိုလည်း အစိုးရ ကြွေးမြီတွေ ထူပြောနေတာ၊ ဘဏ်လုပ်ငန်းတွေမှာ အတိမ်းအစောင်း မခံနိုင်ပဲ ဖြစ်နေရတာ၊ ဝယ်လိုအားတွေ လျော့နည်းနေတာ၊ စတာတွေအပြင် အစိုးရတွေရဲ့ မူဝါဒရေးရာ ချမှတ်မှုတွေမှာ အားနည်းချက်တွေ ရှိနေတာလို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက ပြဿနာတွေက မီးထိုးပေးနေတယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီအတွက်ကြောင့်လည်း ကမ္ဘာ့စီးပွားရေးဟာ တကျော့ပြန် ကျဆင်းမှုတွေ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးနဲ့ မူဝါဒရေးရာ ဆန်းစစ်အကဲဖြတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ရော့ ဗော့စ် (Rob Vos) က ပြောပါတယ်။
“စီးပွားရေး ကျဆင်းမှုတွေနဲ့ နောက်တကြိမ် ကြုံရလုနီးနီး အခြေအနေမှာ ကျနော်တို့ ရောက်နေပါတယ်။ ဥရောပ အစိုးရတွေရဲ့ အကြွေးပြဿနာတွေကို အတိုင်းအတာ တခုအထိ ထိန်းချုပ်ကောင်း ထိန်းချုပ်သွားနိုင်မယ်၊ အမေရိကန် စီးပွားရေးမှာလည်း ပြဿနာတွေ ပိုဆိုးချင်မှ ဆိုးလာမယ်ဆိုတဲ့ သဘောမျိုးနဲ့ အစီရင်ခံစာထဲမှာ ကျနော်တို့ သုံးနှုန်းထားတဲ့အတိုင်း ကမ္ဘာ့စီးပွားရေး အခြေအနေဟာ ရှေ့လာမယ့် ၂ နှစ်အတွင်း ဖရိုဖရဲဖြစ်နေဦးမယ်လို့ ကျနော်တို့က အခြေခံအားဖြင့် လက်ခံထားတာပါ။ ဒါပေမဲ့ သဘောကတော့ ကျနော်တို့မှာ ပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု ပမာဏဟာ အင်မတန် နည်းပါးပြီး၊ ၂၀၁၀ ပြည့်နှစ်မှာတုန်းက အကျပ်အတည်းကနေ ပြန်လည်နာလန်ထူလာနေတုန်းမို့ ဒီနှစ်မှာလည်း ဖွံ့ဖြိုးမှုတွေက နှေးကွေးခဲ့တာပါ။”

နှစ်ဆန်းပိုင်းမှာ ဈေးတွေတက်ခဲ့တဲ့ ရေနံနဲ့ ကုန်ဈေးနှုန်းတွေဟာ ၂၀၁၁ ခုနှစ်ရဲ့ တတိယ ၃ လပတ် ကာလကစလို့ ပြန်လည် ကျဆင်းလာပေမဲ့ လူသုံးကုန်ပစ္စည်း အများစုရဲ့ ဈေးနှုန်းတွေဟာ ဒီအရင် ၂၀၁၀ ပြည့်နှစ်ကထက်တော့ ၂၀% ကနေ ၃၀% ကြားအထိ မြင့်မားနေတုန်း ဖြစ်ပါတယ်။ စီးပွားရေးမှာ စိမ်ခေါ်မှုတခုဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကတော့ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အန္တာရာယ်ရှိလောက်တဲ့ အဆင့်အထိ မရှိပေမဲ့လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြားမှာတော့ စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲပဲလို့လည်း အစီရင်ခံစာက သတိပေးထားတာပါ။ ပုဂ္ဂလိက လုပ်ငန်းတွေက ငွေပင်ငွေရင်း စီးဆင်းမှုတွေဟာ ၂၀၁၁ ခုနှစ်ထဲ တိုးလာခဲ့ပေမဲ့လည်း စိတ်ချရတဲ့ အခြေအနေမှာ မရှိဘူးလို့လည်း ပြောပါတယ်။

ကမ္ဘာတဝှမ်း ကုန်ပစ္စည်း တင်ပို့ ရောင်းချမှုတွေမှာတော့ ပြီးခဲ့တဲ့နှစ်ထဲ ၁၄% အထိ ရှိနေရာကနေ ဒီနှစ်မှာ ၇% အထိ ကျဆင်းသွားခဲ့သလို၊ ရှေ့လာမယ့် ၂၀၁၂-၂၀၁၃ ခုနှစ်တွေမှာ ဆိုရင် ၅% တဝိုက်လောက်သာ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။ ဒီလို ကမ္ဘာ့စီးပွားရေးမှာ အနှုတ်လက္ခဏာတွေသာ နေရာတိုင်းမှာ တွေ့နေရတဲ့အတွက် နှစ်ထပ်ကွမ်း အကျပ်အတည်း ဆိုက်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး ကျွမ်းကျင်သူတွေ ပူပမ်နေကြတာပါ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ ကမ္ဘာ့စီးပွားရေး ပြဿနာတွေကနေ သက်သာရာရစေဖို့ ဘဏ္ဍာရေး အသုံးစားရိတ်တွေကို ခြိုးခြံချွေတာ သင့်တယ်လို့ တိုက်တွန်းထားတာပါ။

ဒါပေမဲ့လည်း ဒီလိုအစီအမံတွေဟာ အကောင်းထက် အဆိုးဖက်ကို ဦးတည်တဲ့ အဖြစ်မျိုးတွေ ကြုံရတတ်တာမို့ သတိထားဖို့ လိုလိမ့်မယ်လို့ ကုလသမဂ္ဂ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဒုတိယ အကြီးအကဲဖြစ်တဲ့ ဂျိုမို ကွာမေ ဆွန်ဒါရမ် (Jomo Kwame Sundaram) ကပြောပါတယ်။
“ဘဏ္ဍာရေးမှာ ခြိုးခြံချွေတာဖို့လို အလှည့်အပြောင်းမျိုးတွေကြောင့် ကမ္ဘာအနှံ့မှာ စီးပွားရေး ကျဆင်းမှုတွေကိုသာ ကြီးထွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲတွေက ချက်ခြင်း အကျိုးဆက်တွေ ထွက်ပေါ်လာနိုင်စရာ မရှိဘူးဆိုပေမဲ့လည်း စီးပွားရေးမှာ ခိုင်ခိုင်မာမာ ပြန်ပြီး နာလန်ထူလာစေမယ့် အခြေအနေတွေကို ဖန်တီးနိုင်အောင် ဘဏ္ဍာရေးကဏ္ဍမှာ ရေတိုဆောင်ရွက်ရမယ့် လုပ်ငန်းတခု အဖြစ်နဲ့ သက်သေထူနိုင်တဲ့ ကိစ္စတွေလည်း ရှိနေတာပါ။”

တကယ်တော့ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ စုပေါင်းဆောင်ရွက်တဲ့ အစီအစဉ်မျိုးတွေ မရှိပဲနဲ့ အောင်မြင်နိုင်မှာ မဟုတ်သလို အခြေအနေတွေဟာ ပိုလို့တောင် ဆိုးလာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။ အထူးသဖြင့် ဥရောပက ကြွေးမြီပြဿနာ ပိုမိုကျယ်ပြန့်လာနေတာတွေဟာ သတိထားစရာလို့ ဆိုပါတယ်။ ကုလသမဂ္ဂ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်တွေကတော့ ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတဲ့ ဥရောပ ဘဏ္ဍာငွေကြေး တည်ငြိမ်စေရေး ရန်ပုံငွေ အဖွဲ့ကို အားကောင်းလာအောင် လုပ်ဖို့လိုတယ်လို့ အကြံပြု ထားတာပါ။ အစီရင်ခံစာ ပြုစုသူတွေကတော့ ဒီရန်ပုံငွေ အဖွဲ့က ငွေချေးငှားရာမှာ ကုန်ကျစားရိတ်တွေကို လျှော့ပေးနိုင်မယ်ဆိုရင် ဘဏ္ဍာရေး အကျပ်အတည်း ကြုံနေရတဲ့ အစိုးရတွေအတွက် ပိုပြီး သက်သာရာ ရစေလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ မသေချာ မရေရာမှု အန္တာရယ်တွေကို ဖန်တီးပေးနေတဲ့ အဓိကအကြောင်းရင်း တခုအဖြစ်နဲ့ အစိုးရတွေရဲ့ မူဝါဒရေးရာ အားနည်းချက်တွကိုလည်း ထောက်ပြထားပါတယ်။ ဘဏ္ဍာငွေကြေး ဈေးကွက်တွေအပေါ် အကျိုးဆက်တွေ ရှိလာစေမယ့် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အရင်ထက် ပိုပြီး အရေးပါလာမယ်လို့ အစီရင်ခံစာ ပြုစုသူတွေက သတိပေးထားတာပါ။

အလုပ်လက်မဲ့ ပြဿနာ၊ လစာဝင်ငွေ နိမ့်ကျနေဆဲ အခြေအနေတွေကြောင့် အမေရိကန် ပြည်ထောင်စုမှာ ဝယ်လိုအားတွေ ကျဆင်းနေတာကိုလည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအခြေအနေတွေကို အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းက ကျဆင်းမှုတွေ၊ အကြွေးနဲ့ ဝယ်ထားတဲ့ အိမ်တွေကို ဘဏ်တွေက ပြန်သိမ်းနေတာတွေလို အချိန်အတော်ကြာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကပါ ပိုပြီး မီးထိုးပေး နေတယ်လို့လည်း ပြောခဲ့တာပါ။ လက်တင် အမေရိက နိုင်ငံတွေထဲမှာတော့ ဘရာဇီးနဲ့ မက္ကစီကို နိုင်ငံတွေမှာ စီးပွားရေး ကျဆင်းမှု ဒဏ်တွေကို သိသိသာသာ ခံရမယ့် အလားအလာတွေ ရှိနေပြီး၊ အာဖရိက နိုင်ငံတွေ ကြားမှာတော့ ကမ္ဘာ့ဈေးကွက် အခြေအနေရဲ့ ရိုက်ခတ်မှုတွေထက် နိုင်ငံရေးနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စီးပွားရေးမှာ အတက်အကျတွေ ရောပြွမ်းနေမယ်လို့ ခန့်မှန်းထားပါတယ်။

အာရှတိုက်မှာတော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ စီးပွားရေး ဆက်လက် အားကောင်းနေမှာ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ပမာဏကတော့ နှေးကွေးဖွယ်ရာ ရှိနေတယ်လို့ ၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ အလားအလာ ဆန်းစစ်ချက် အစီရင်ခံစာက ခန့်မှန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။