မြန်မာပြည်နဲ့ စီးပွားရေးလုပ်မယ့် အမေရိကန်

ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်ပြီးနောက် အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံကို ဝင်လာနေကြပါပြီ။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး ရင်းနှီးမြုပ်နှံမှုတွေ၊ ဘဏ္ဍာရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပေးလိုက်တဲ့အတွက် အခုအခါ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ လမ်းစတွေလည်း ပွင့်လာပါတယ်။ ဒါပေမဲ့လည်း ဝင်ရောက်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေက မြန်မာလူထုအတွက် လက်တွေ့မှာ ထိရောက်တဲ့ အထောက်အပံ့တွေရော ဖြစ်လာပါ့မလားလို့ သံသတွေနဲ့ မေးခွန်းတွေလည်း ထုတ်နေကြတာပါ။ အမေရိကန်-မြန်မာ စီးပွားရေး ဆက်ဆံမှု အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ခွင့် လိုင်စင်တွေကို ထုတ်ပေးသွားမယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား က ကြေညာလိုက်ပြီးနောက် အမေရိကန် လုပ်ငန်းတွေ စတင်ဝင်ရောက် လာနေကြပါပြီ။ အမေရိကန် ကုမ္ပဏီ တခုအဖြစ် General Electric (GE) ကုမ္ပဏီက ပထမဆုံး လုပ်ငန်းတခုအဖြစ် အစပျိုးတဲ့ အနေနဲ့ မြန်မာနိုင်ငံက Seal Lion ကုမ္ပဏီနဲ့ ဖက်စပ်ပြီး အမေရိကန် ဒေါ်လာ ၂ သန်းဘိုးလောက်ရှိမယ့် ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကို ရောင်းချဖို့ လက်မှတ်ရေးထိုး လိုက်ပါတယ်။ GE, Coca Cola, Caterpillar, Goldman Sachs စတဲ့ ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေ အပါအဝင် အမေရိကန် လုပ်ငန်း ၃၇ ခုက ထိပ်တန်း စီးပွားရေး သမားပေါင်း ၇၀ လောက် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ခရီးစဉ်အတွင်း သဘောတူညီချက် ရရှိလိုက်ကြတာပါ။

အမေရိကန်က ပထမဆုံး လုပ်ငန်းတခုအဖြစ်နဲ့ GE ကုမ္ပဏီက ဖက်စပ်လုပ်ကိုင်ဖို့ လက်မှတ်ရေးထိုး လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ကျွမ်းကျင်သူ Ernest Bower ကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ စီးပွားရေး အဆက်အဆံတွေ ပြတ်တောက်နေတဲ့ အမေရိကန် လုပ်ငန်းတွေ အတွက်တော့ အစိုးရရဲ့ မူဝါဒသစ်က အခွင့်အလန်းကောင်းတွေ ဖန်တီးပေးလိုက်တာလို့ ပြောပါတယ်။
“ပြုပြင်ပြောင်းလဲရေး အတွက် စီးပွားရေး အရှိန်အဟုန် မပျက်စေဖို့ လုပ်ဆောင်ပေးခြင်းအားဖြင့် ကျနော်တို့ အနေနဲ့ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။ အခုလည်း နောက်ပြန်ဆုတ်ဖို့ မစဉ်းစားပဲ ပြုပြင်ပြောင်းလဲရေး လမ်းကို ဆက်လျှောက် သွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးကို ခံစားရမှာ ဖြစ်သလို၊ စံတန်ဘိုးတွေကိုလည်း မျှဝေနိုင်ပြီး ပီပြင်တဲ့ အုပ်ချုပ်ရေးနဲ့ ထင်သာမြင်သာရှိဖို့ ပညာရေးနဲ့ လူမှုအဖွဲ့အစည်း တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။”

အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အားပေးဖို့ ရည်ရွယ်ပြီး ဒဏ်ခတ်မှုတွေ လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားတာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ စစ်တပ်နဲ့ သူတို့နဲ့ နီးစပ်သူ အသိုင်းအဝိုင်းကသာ လက်ဝါးကြီး အုပ်ထားတဲ့ စီးပွားရေး စနစ်က လမ်းခွဲထွက်လာဖို့ ခြေလှမ်းပြင်လာတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ သက်တမ်း နုနယ်လှသေးတာမို့ အမေရိကန်ရဲ့ မူဝါဒတွေက လက်တွေ့မှာ အထောက်အကူ ဖြစ်မဖြစ် ဆိုတာကတော့ အသေအချာ ပြောနိုင်ဖို့ မလွယ်သေးဘူးလို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ တကယ့် အပြောင်းအလဲတွေ ဖြစ်စေချင်ကြတဲ့ စီးပွားရေးသမားတွေ ရှိပါတယ်။ ဒီလူတွေ အနေနဲ့ စီးပွားရေး လုပ်ငန်းတွေကို လက်တွေ့ကျကျ လုပ်ကိုင်ပြီး၊ အောင်မြင်မှု ရနိုင်မယ့် အခြေအနေတွေကိုလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ တိုင်းပြည် စီးပွားရေးမှာ ပံ့ပိုးချင်ကြပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ လိုလားတဲ့ စီးပွားရေး သမားတွေ၊ အစိုးရတွင်းက ပြုပြင်ပြောင်းလဲရေး သမားတွေ အတွက်တော့ ကုန်သွယ်မှုတွေ၊ ထိတွေ့ ဆက်ဆံမှုတွေက ပြုပြင်ပြောင်းလဲရေးတွေမှာ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ အရင်အစိုးရ လက်ထက်က လက်ဝေခံ သမားတွေလို အခွင့်ထူးခံ ပုဂ္ဂိုလ်တွေ အနေနဲ့ ကတော့ နောက်ကြောင်း ပြန်လှည့်တာလို ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အနှုတ်လက္ခဏာ အခြေအနေမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် ကတော့ အမေရိကန်-မြန်မာ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုထားတာပါ။

စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ၊ စစ်ဖက်ဆိုင်ရာ လုပ်ငန်းတွေကလွဲလို့ ကဏ္ဍစုံမှာ အမေရိကန် ကုမ္ပဏီတွေကို လုပ်ကိုင်ခွင် ပေးလိုက်တဲ့ အပေါ်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ ဝေဖန်နေကြတာပါ။ အထူးသဖြင့် လတ်တလော ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ အများဆုံး ရှိနေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်မှုတွေ ရှိခဲ့တယ်လို့ မကြာခန ပြောဆိုခံရတတ်တဲ့ စွမ်းအင် ထုတ်လုပ်မှုတွေမှာပါ လုပ်ကိုင်ခွင့် ပေးလိုက်တဲ့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြတာပါ။ အမေရိကန် အစိုးရကတော့ ဒဏ်ခတ်မှုတွေ လျှော့ပေးပြီး စီးပွားရေး လုပ်ကိုင်ခွင့် ပေးသွားမယ် ဆိုပေမဲ့လည်း ပွင့်လင်းမြင်သာမှု မရှိတာ၊ စစ်တပ်က တိုင်းပြည် စီးပွားရေးမှာ လွှမ်းမိုးနေတာတွေနဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆုံးခန်းတိုင် မရောက် သေးတာတွေကို သတိမူဖို့လည်း မူဝါဒသစ်ကို ကြေညာစဉ်မှာ သတိပေးထားတာပါ။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်တဲ့ အထွေထွေ လုပ်ပိုင်ခွင့် လိုင်စင် အမှတ် ၁၆ နဲ့ ၁၇ တို့အရ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို လုပ်ကိုင်ခွင့် ရကြတော့မှာ ဖြစ်ပေမဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် အစီရင်ခံ တင်ပြဖို့လည်း ပြဋ္ဌာန်းထားပါတယ်။

အားနည်းချက်က ဘာလဲဆိုတော့ အဲဒီလို အစီရင်မခံခဲ့လို့ရှိရင် ဘာလုပ်မလဲ၊ ဘယ်လို အရေးယူမလဲဆိုတဲ့ ကန့်သတ်ချက် မပါဘူး ...
- USCB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်

စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲလ် ကတော့ မူဝါဒသစ်ကြောင့် အမေရိကန် လုပ်ငန်းတွေ အရင်ကထက် တာဝန်ယူမှုတွေ ပိုရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အစီရင်ခံဖို့ သတ်မှတ်ချက်ကို ထည့်သွင်းထားတာက ယေဘုယျအားဖြင့် ပွင့်လင်းမြင်သာမှုတွေ ပိုပြီး ဖန်တီးပေးလာ နိုင်တယ်လို့ ကျနော် ယူဆပါတယ်။ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနဲ့ လုပ်ကိုင်ကြမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ အစီရင်ခံ အကြောင်းကြားရမယ်ဆိုရင် ဘယ်လောက် ဝင်ငွေရနေလည်း တဖက်က လုပ်ကိုင်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲ ဆိုတာမျိုးတွေလို အတွင်းကျကျ ကိစ္စတွေကိုလည်း သိရနိုင်ပါတယ်။”

ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုတွေ ရှိစေဖို့အတွက် ဒေါ်လာငါးသိန်းနဲ့ အထက် ရင်းနှီးမြျုပ်နှံမှု အသစ် တိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို စည်းကမ်းချက်တွေနဲ့အညီ သတင်းပို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ အထူးသဖြင့် အရင်စစ်အစိုးရ အဆက်ဆက် နိုင်ငံခြားငွေရအောင် အဓိက ဖန်တီးပေးခဲ့သလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ အများက မြင်နေကြတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု မှန်သမျှကို ရက်ပေါင်းခြောက်ဆယ် အတွင်း အကြောင်းကြားဖို့လည်း အမေရိကန် အစိုးရရဲ့ မူဝါဒသစ်က သတ်မှတ် ထားတာပါ။

ကုန်ပစ္စည်းရောင်းချတဲ့ လုပ်ငန်းတွေ ဝင်လာရုံနဲ့တော့ စီးပွားရေးအတွက် အထောက်အကူ မဖြစ်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း ဒီမူဝါဒသစ်မှာ အားနည်းချက်တွေ၊ ဟာကွက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ကထောက်ပြပါတယ်။
“ကုမ္ပဏီတွေက အမေရိကန် အစိုးရကို သူတို့ ဘယ်လို ရင်းနှီးမြုပ်နှံမယ်၊ နောက်တခါ သူတို့ အလုပ်သမားဆိုင်ရာ အခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဆိုင်ရာ စသဖြင့် ပေါ်လစီတွေက ဘာတွေ ရှိသလဲ၊ နောက်တခါ မြေဝယ်မယ် ဆိုလို့ရှိရင် မြေဝယ်တဲ့ အပေါ်မှာ ဘယ်ကဝယ်သလဲ၊ သက်ဆိုင်ရာ မြေပိုင်ရှင်တွေကို ဘယ်လို လျော်ကြေးပေးသလဲ စတာတွေကို ထုတ်ပြန် ကြေညာရမယ်လို့ ပြောတယ်။ သတင်းပို့ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီမှာ ရုတ်တရက် ကြည့်ရင်တော့ ကောင်းသလို ထင်ရတာပေါ့နော်။ ဒီကုမ္ပဏီတွေက လွတ်လွတ်လပ်လပ် လုပ်လို့ မရဘူးပေါ့။ ဒါပေမဲ့ သူတို့ ဒီလိုမျိုး အမေရိကန် အစိုးရကိုရော ပြည်သူတွေကိုရော ဘယ်လို ရင်းနှီးမြုပ်နှံတယ် ဆိုတာကို အတိအကျ ပြန်လည် အစီရင် ခံရမယ်။ သို့သော် အားနည်းချက်က ဘာလဲဆိုတော့ အဲဒီလို အစီရင်မခံခဲ့လို့ရှိရင် ဘာလုပ်မလဲ၊ ဘယ်လို အရေးယူမလဲဆိုတဲ့ ကန့်သတ်ချက် မပါဘူး။ ဆိုတဲ့ အခါကျတော့ ခုနကလို ဘယ်လောက်ပဲ သတင်းပို့ရမယ် ပြောပြော၊ အမေရိကန် ကုမ္ပဏီ တခုက သတင်းမပို့ပဲ နေလို့ရတယ်။ အဲဒီလို သတင်းမပို့တဲ့ အတွက်ကြောင့်လည်း အဲဒီ အမေရိကန် ကုမ္ပဏီကို ဘာနဲ့မှ အရေးယူလို့ မရဘူး။ ဆိုတော့ အဲဒီလိုမျိုးပေါ့ဗျာ။”

နှစ်ပေါင်း ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရလာတော့မယ့် မူဝါဒမှာ သတိထားစရာ တွေအပြင် မြန်မာနိုင်ငံ ကိုယ်တိုင် ဝင်ရောက်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို စီမံခန့်ခွဲဖို့ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆန်းစစ်သူတွေ မြင်ကြပါတယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ ခိုင်ခိုင်မာမာ အမြစ်တွယ်လာအောင် လုပ်ဖို့ အတွက်ဆိုရင် ပြည်ပ တိုင်းပြည်တွေ အပေါ်မှာသာ အားထားနေလို့ မရပဲ မြန်မာနိုင်ငံ ကိုယ်တိုင် ပြင်ဆင်စရာတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေ ကမြင်ပါတယ်။
“ကျနော်တို့ နိုင်ငံမှာကတော့ နည်းပညာနဲ့ အရင်းအနှီး အကန့်အသတ်ကလည်း ရှိနေသေးတာကိုး။ အဲဒီတော့ ကျနော်တို့ မစွမ်းဆောင်နိုင်တဲ့ အရင်းအနှီး၊ နည်းပညာတွေနဲ့လာတဲ့ ရင်းနှီးမြုပ်နှံမှုကိုတော့ ကျနော်တို့ တနိုင်ငံတည်းတင် မဟုတ်ဘူးလေ၊ တခြားနိုင်ငံတွေ တရုတ်လိုမျိုး၊ ဗီယက်နမ်လိုမျိုးမှာ ဒီလိုမျိုးနဲ့ပဲ သူတို့ စခဲ့ပြီး တိုးတက်အောင် လုပ်ကြရတာပါပဲ။ ကျနော်တို့ ဘက်ကတော့ ကျနော်တို့ ဒေသခံတွေ၊ နိုင်ငံတကာကလာတဲ့ ရင်းနှီးမြုပ်နှံတဲ့လူတွေ များလာမယ့် ဟာမျိုးကိုလည်း ဒီ FDI Law (ပြည်ပတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ဥပဒေ) မှာလည်း ပါလာလိမ့်မယ်လို့ အားလုံးကတော့ ယုံကြည်နေတာပါပဲ။”

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ကိုတော့ လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေတာပါ။


သမ္မတ ဦးသိန်းစိန် ကတော့ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို လက်ခံရာမှာ၊ နိုင်ငံသားတွေ အကျိုးစီးပွားနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်စေဖို့၊ တိုင်းပြည် ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ မထိပါးစေဖို့ သတိထား ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ အမေရိကန် စီးပွားရေး နှီးနှော ဖလှယ်ပွဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပစဉ် ပြောဆိုသွားခဲ့တာပါ။ Siem Reap မြို့က နှီးနှော ဖလှယ်ပွဲအတွင်း အမေရိကန် လုပ်ငန်းကြီးတွေ ဖြစ်ကြတဲ့ GE, Coca Cola, Ford Motor, General Motors, Goldman Sachs, Google စတဲ့ ကုမ္ပဏီတွေက လုပ်ငန်းရှင်တွေနဲ့လည်း သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့လည်း ကတိပြုခဲ့ ကြတာပါ။

မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကိုတော့ ပြန်လည် ပြင်ဆင်ပြီး လွှတ်တော်မှာ တင်သွင်းထားရာမှာ မကြာမီ အတည်ပြု နိုင်လိမ့်မယ်လို့ မျှော်လင့် နေကြတာမို့လည်း အမေရိကန် အပါအဝင် ပြည်ပ လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်လာတာတွေလည်း ပိုမိုတွေ့မြင် လာရမယ့် အလားအလာတွေလည်း ရှိနေတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။