ပန်းချီဆရာ ခင်မောင်ရင် ကွယ်လွန်

ပန်းချီဆရာ ခင်မောင်ရင် (credit: myanmar blog)

မြန်မာ့ပန်းချီလောကမှာ Modern Art လို့ခေါ်တဲ့ ခေတ်သစ်ပန်းချီကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ရင်ဟာ သူ့ပန်းချီ အယူအဆအတိုင်း လွတ်လွတ်လပ်လပ် ရေးဆွဲတတ်သူ ဖြစ်တာကြောင့် သူကွယ်လွန်သွားတာဟာ မိမိအယူအဆအပေါ်မှာ အခိုင်အမာ ရပ်တည်တဲ့ ပန်းချီရှေ့ဆောင်တဦး ဆုံးရှုံးသွားတာဖြစ်တယ်လို့လည်း စွယ်စုံအနုပညာရှင် ဦးဝင်းဖေက မှတ်ချက်ပြုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပန်းချီဆရာကြီး ဦးခင်မောင်ရင်ဟာ ကင်ဆာရောဂါကြောင့် တလနီးပါး ဆေးရုံတက်ပြီး ကုသမှုခံယူနေခဲ့ရာက ဒီကနေ့ ညနေပိုင်းမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဦးခင်မောင်ရင် ကွယ်လွန်ကြောင်းကိုတော့ ပန်းချီဆရာ ဦးဖေညွှန့်ဝေက အခုလို ပြောပါတယ်။

“ပင်လုံဆေးရုံမှာပါ။ ကျနော် အချိန်တော့ အတိအကျမသိဘူး။ ကျနော့်ဆီ ဖုန်းဝင်လာတာတော့ ၃ နာရီခွဲ၊ ၃ နာရီခွဲဆိုတော့ သူတို့လှမ်းပြောတော့ ၅ မိနစ်လောက်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ၂ မိနစ်၊ ၃ မိနစ်ဆိုတော့လေ။ ဒီအတောအတွင်းပေါ့နော်။ သူကကင်ဆာလေ၊ လည်ချောင်းပေါ့။”

ပန်းချီ ဦးခင်မောင်ရင်ဟာ မြန်မာပြည်မှာ Modern Art ခေါ် ခေတ်သစ်ပန်းချီ ဦးဆောင်ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့သူတဦး ဖြစ်တယ်လို့လည်း ဦးဖေညွှန့်ဝေက ပြောပါတယ်။

“သူကတော့ဗျာ ကျနော့်အမြင်ပြောရရင်တော့၊ ခေတ်သစ်ပန်းချီထဲပါတာပေါ့လေ၊ မော်ဒန်ပေါ့နော်။ မော်ဒန်မှာမှ အခြေခံကျကျ ပြောကျစတမ်းဆိုရင် လွတ်လွတ်လပ်လပ် ရေးဆွဲတာပေါ့။ Abstract လို ဟာမျိုးပေါ့လေ။ မော်ဒန်ရဲ့ခေတ်ဦး ခေါင်းဆောင်တွေပဲပေါ့လေ။ ခေါင်းဆောင်တွေထဲက တယောက်အပါအဝင်ပေါ့။”

မြန်မာ့ပန်းချီလောကမှာတော့ ခေတ်သစ်ပန်းချီကို ဦးခင်မောင်(ဘဏ်) က ဦးဆောင်ခဲ့ပီး ပန်းချီပေါ်ဦးသက်၊ ပန်းချီခင်မောင်ရင်၊ ပန်းချီဝင်းဖေနဲ့ ပန်းချီအောင်စိုးတို့ဟာ ခေတ်သစ်ပန်းချီရဲ့ ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ခေတ်သစ်ပန်းချီကို ဦးခင်မောင်(ဘဏ်) ဆီကနေ အတူ လေ့လာခဲ့သူလည်းဖြစ် ဦးခင်မောင်ရင်နဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ စွယ်စုံရ အနုပညာရှင် ပန်းချီဆရာကြီး ဦးဝင်းဖေက ဦးခင်မောင်ရင်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူက ဗိသုကာအင်ဂျင်နီယာဆိုတော့ အစကတည်းက သူကပန်းချီကို လေ့လာရတယ်။ သူကခေတ်မှီတဲ့လူ၊ သူကစာတော်တဲ့လူ၊ ဉာဏ်ကောင်းတဲ့လူ ဖြစ်တဲ့အတွက် အစောကြီးကတည်းက ခေတ်ပေါ်ပန်းချီကို သူကအစောကြီး နားလည်တဲ့လူတယောက် ဖြစ်ပါတယ်။ ဖြစ်ပြီးတော့ သူဆွဲတာလည်း အလွန်စောပါတယ်။ မြန်မာပြည်မှာ အများဆုံး ပန်းချီရေးတဲ့လူတယောက်လည်း ဖြစ်ပါတယ်။ ပန်းချီကားပေါင်း ထောင်နဲ့ချီပြီးတော့ အများကြီးရေးတဲ့၊ နေ့စဉ်လိုလို ရေးနေတဲ့ လူတယောက် ဖြစ်ပါတယ်။ ရေးအား အလွန်ကောင်းတဲ့ လူတယောက်ဖြစ်တယ်။ သူ့သြဇာလည်း တော်တော်ကြီးပါတယ်။ ခင်မောင်ရင်ကို လေးစားတဲ့လူလည်း များပါတယ်။ မြန်မာပြည် ပန်းချီလောကမှာ ခေတ်ပေါ်ရော၊ ရိုးရိုးရော သူ့ကိုလေးစားကြပါတယ်။”

ပန်းချီ ဦးခင်မောင်ရင် ကွယ်လွန်တာကတော့ အယူအဆတခုအပေါ်မှာ အခိုင်အမာ ရပ်တည်တဲ့ ပန်းချီရှေ့ဆောင်တဦး ဆုံးရှုံးတာဖြစ်တယ်လို့လည်း ဦးဝင်းဖေက သုံးသပ်ပါတယ်။

“အနုပညာ ခံယူချက်က သူကခေတ်ပေါ်ပန်းချီ ဖြစ်နေတယ်။ ခေတ်ပေါ်ပန်းချီရဲ့ အဆီအနှစ်က လွတ်လပ်ရတယ်ဗျ။ ရဲရဲရင့်ရင့် သူကတွေးရဲရတယ်၊ ကြံစည်ရတယ်၊ တီထွင်ရတယ်။ အဲဒီလိုကိစ္စတွေရှိတယ်။ အဲဒီလို ခံယူချက်တွေနဲ့ သူ့ရဲ့နေထိုင်မှု၊ လွတ်လပ်ခြင်း၊ ရိုးသားခြင်း၊ ရဲရင့်ခြင်း၊ အဲဒီလိုဟာတွေ ရှိနေလို့ လေးစားတဲ့လူလည်း များပါတယ်။ သူအခိုင်အမာ ရပ်တည်တဲ့ ပန်းချီရှေ့ဆောင်တယောက်ပေါ့ဗျာ၊ ဆုံးရှုံးတယ်ပေါ့ဗျာ။ ဒါမျိုးဆိုတာကတော့ လူတွေကနေ အားကျပြီးတော့ အတုယူတယ်၊ အားကိုးတယ်၊ မေးမြန်းတယ်၊ ကိုးကားတယ် ဘာညာဆိုတာ အဲဒီလို အမှီသဟဲတခုတော့ ဆုံးရှုံးသွားတာပေါ့ဗျာ။ ဒါလည်း အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုတရပ်ပါပဲ။”


ပန်းချီး ဦးခင်မောင်ရင်ဟာ ရုပ်ရှင် ဒါရိုက်တာအဖြစ်နဲ့ နှစ်မလက်လျှော့နေလေတော့ နဲ့ ဘဇံဘမှန်အကြောင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားလည်း ရိုက်ကူးခဲ့ပါတယ်။ ဦးခင်မောင်ရင်ရဲ့ ပန်းချီကားတွေကို မြန်မာပြည်မှာသာမက နိုင်ငံတကာက ပန်းချီ စုဆောင်းသူတွေကပါ အလေးထားပြီး စုဆောင်းကြပါတယ်။

ဦးခင်မောင်ရင်ကို ဖခင်ဖြစ်သူက အင်္ဂလန်နိုင်ငံသား Frank Sewell ခေါ် ဦးသိန်းမောင် (ခေါ်) ဦးသန်းမောင်နဲ့ ဒေါ်မြသီ တို့က ၁၉၃၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းညီအကိုမောင်နှမ ၁၀ ယောက်မှာ အကြီးဆုံးသားဖြစ်ပြီး ဦးခင်မောင်ရင်ဟာ ကွယ်လွန်သည်အထိ အိမ်ထောင်မပြုခဲ့ပါဘူး။