အာဆီယံ အမေရိကန် ကုန်သွယ်ရေး မြန်မာကြောင့် ထိခိုက်

စီးပွားရေးဆက်ဆံမှုတွေ တိုးမြှင့်ဖို့ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သောကြာနေ့က နယူးယောက်မြို့ ဆွေးနွေးပွဲအတွင်း ကုန်သွယ်မှုတွေ ဆထက် တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ အကြောင်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပေမဲ့လည်း အာဆီယံ အသင်းဝင်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ကတော့ ဆက်ဆံရေးမှာ အဖုအထစ်တွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးအသင်း တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးပါဦး။

ရေရှည်ခံမယ့် စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် အမေရိကန် ပြည်ထောင်စုက အာဆီယံ အသင်းကြီးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့် လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားပေမဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီအထဲမှာ ပါဝင်လာမယ့် အခြေအနေတွေ မရှိဘဲ ဖြစ်နေဆဲပါ။ စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့သွားနိုင်ရေး ရည်ရွယ်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားသာမက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ပါ သောကြာနေ့တုန်းက နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေ မတိုင်မီ အရှေ့တောင် အာရှနိုင်ငံ ခေါင်းဆောင်တွေကို နေ့လည်စာနဲ့ ဧည့်ခံချိန်မှာလည်း သမ္မတ အိုဘားမား က စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့််မယ့် ရည်မှန်းချက်တွေကိုပဲ အလေးထား ပြောဆိုသွားတာပါ။

“အာဆီယံနဲ့ ကျနော်တို့ရဲ့ ကုန်သွယ်မှုတွေဟာ ကြီးထွားလာနေပါတယ်။ တကယ်တော့ အမေရိကန်ကနေ အာဆီယံနိုင်ငံတွေကို တင်ပို့မှုတွေဟာ ဆိုရင်လည်း တခြားဒေသတွေလိုပဲ ၂ ဆလောက်အထိ အလျင်အမြန် တိုးလာနေတာပါ။ ဒီအတွက် အရှေ့တောင် အာရှဟာ အမေရိကန် ပြည်ပပို့ကုန်တွေ ၂ ဆတိုး တင်ပို့ဖို့အတွက် ကျနော် ရည်မှန်းထားတာကို အကောင်အထည် ဖော်နိုင်ရေးမှာ အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။”

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကတော့ နောက်နှစ်မှာ အမေရိကန်-အာဆီယံ ကုန်သွယ်မှုတွေဟာ ၆.၇ ရာခိုင်နှုန်း အထိ ကြီးထွားလာမယ်လို့ ကြိုတင်ခန့်မှန်းပါတယ်။ အာဆီယံအသင်းဝင်နိုင်ငံတွေက အမေရိကန် ကုန်ပစ္စည်းတွေကို ဝယ်ယူစားသုံးမှုနှုန်း ကြီးထွားလာနေတာဟာ ဆိုရင်လည်း တရုတ်နိုင်ငံက ဝယ်ယူစားသုံးမှုနဲ့စာရင် ပျမ်းမျှတဦးချင်းဝယ်ယူမှုက ၂ ဆလောက် ရှိနေသလို၊ အိန္ဒိယနိုင်ငံနဲ့ စာရင်တော့ ၉ ဆနီးပါးအထိ ရှိနေတာပါ။ ဒါပေမဲ့လည်း ဒီလို ကုန်သွယ်မှုတွေ ကြီးထွားလာနေတာတွေ မြန်မာနိုင်ငံက ခံစားရမယ့် အခြေအနေတော့ မရှိပါဘူး။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အခြေအနေ တိုးတက်မှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိနေတာတွေကြောင့် ဖြစ်တယ်လို့ သောကြာနေ့မနက်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်တဲ့ Anthony Nelson က ပြောပါတယ်။

“သိသာတာကတော့ မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာပါပဲ။ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ဆိုတာကလည်း သိသိသာသာ အဟန့်အတားတွေ ရှိနေဆဲဖြစ်ပါတယ်။”

လတ်တလော မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမား အစိုးရ တက်လာစဉ်ကစလို့တော့ စစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ ကမ်းလှမ်းခဲ့သလို အပြန်အလှန်အနေနဲ့ စီးပွားရေး ဆက်ဆံမှုတွေတောင် လုပ်ဖို့ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဒီလို ထိတွေ့ ဆက်ဆံမှုတွေကို လုပ်သွားနိုင်မယ်ဆိုရင်တော့ လတ်တလော အဆက်အဆံ မရှိသေးတဲ့ စီးပွားကုန်သွယ်မှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ တာဝန်ရှိသူတဦးဖြစ်တဲ့ Anthony Nelson က ပြောဆိုခဲ့တာပါ။

“အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်၊ လက်ရှိကျနော်တို့ မြန်မာလူထုအတွက် ဆောင်ရွက်ပေး နေတာတွေကိုလည်း ဆက်လက်လုပ်ကိုင်ပေးသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တံခါးတွေကို ပိတ်မပစ်ဘဲ ဆက်လက်ထိတွေ့ ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံသားတွေ အတွက် လူသားချင်း စာနာထောက်ထားမှုတွေ စီးပွားရေး အခြေအနေတွေ တိုးတက်အောင် ဆက်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားရမှာပါ။”

နှစ်ဖက်အကြား ကုန်သွယ်မှုတွေဟာ ၂၅ နှစ်ကြာကာလအတွင်း ဆက်ဆံမှုတွေမှာ ၇ ဆအထိ တိုးလာပြီး နှစ်စဉ် ဒေါ်လာသန်းပေါင်း ၂ သိန်းအထိ ရှိနေပြီလို့လည်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။ အာဆီယံ အသင်းဝင် အရေအတွက်ဟာ ဆိုရင်လည်း ၂ ဆ တိုးလာပြီး လူဦးရေအနေနဲ့ သန်း ၆၀၀ နီးပါးရှိနေပြီး၊ အမေရိကန်ပြည်ထောင်စုအတွက် ကမ္ဘာပေါ်က ဈေးကွက်တွေအနက် စတုတ္ထအကြီးဆုံး ဖြစ်ပါတယ်။ လတ်တလော စုစုပေါင်း အသင်းဝင်နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ပမာဏဟာ ဆိုရင်လည်း ဒေါ်လာဘီလီယံ ၂.၂ ကနေ ၁.၅ ထီလီယံ နီးပါးအထိ ရှိနေပြီး လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တွေနဲ့ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး အာဆီယံအတွင်း ကုန်သွယ်မှုဇုန်အဖြစ် ချဲ့ထွင်သွားဖို့ ရှိနေတာမို့ စီးပွားရေး အခွင့်အလမ်းတွေ ဒီထက်ပိုလာလိမ့်မယ်လို့လည်း အမေရိကန်စီးပွားရေး အသိုင်းအဝန်းက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။