တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။