သမ္မတ Obama နဲ့ အရှေ့တောင်အာရှ ထိပ်သီးတွေ လာမယ့် နှစ်ဆန်းမှာတွေ့မည်

အမေရိကန်သမ္မတ အိမ်ဖြူတော်။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

လာမယ့်နှစ်ဆန်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတ Barack Obama ရဲ့ ဖိတ်ကြားချက်ကို အာဆီယံခေါင်းဆောင်တွေက လက်ခံခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

သမ္မတ အိုဘားမားက ပြီးခဲ့တဲ့လ အာရှကို သွားရောက်စဉ်အတွင်း အာဆီယံ ဆယ်နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပြီါ် ဒီဖိတ်ကြားချက်ကို လက်ခံတဲ့ အတွက် သမ္မတက ဝမ်းမြောက်ကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ကျင်းပမယ့် ရက် အတိအကျကိုတော့ မပြောသေးပါဘူး။

ဂျပန် ကျိုတိုသတင်းမှာတော့ ဖေဖေါ်ဝါရီလ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဖြစ်နိုင်တယ်လို့ အာဆီယံ အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီါ် ရေးသားထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်ဆိုင်မှု အတွက် တရုတ်ရဲ့ အတင့်ရဲ လုပ်ဆောင်မှုတွေအတွက် အာဆီယံ အဖွဲ့က ညီညီညွတ်ညွတ် ရင်ဆိုင်ဖို့ အမေရိကန်နိုင်ငံက စိတ်အားထက်သန်နေတာပါ။

ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ် အာဆီယံ အဖွဲ့ဝင် ၄ နိုင်ငံဟာTPPT ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ဖက်နိုင်ငံ ၁၂ နိုင်ငံ ထဲမှာ ပါဝင်နေတာ ဖြစ်ပြီး ဒီကုန်သွယ် သဘောတူညီချက်ဟာ ကြီးထွားလာနေတဲ့ တရုတ်ကို တန်ပြန်နိုင်ဖို့ စီးပွါးရေးနဲ့ လုံခြုံရေး အတွက်အာရှဒေသကို ဦးစားပေးတဲ့ သမ္မတ အိုဘားမားရဲ့ မူဝါဒမှာ အဓိကသော့ချက်တခု ဖြစ်ပါတယ်။

အခုလို ကယ်လီဖိုးနီးယား ပြည်နယ်ကို ရွေးချယ်တာဟာ ဒီနေရာဟာ ၂၀၁၃ ခုနှစ်တုန်းက တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ကြား အလွတ်သဘောတွေ့ဆုံမှု ပြုခဲ့ပြီး အမေရိကန် တရုတ် ဆက်ဆံရေး အတွက် လမ်းကြောင်းသစ် ထွင်နိုင်တဲ့ နေရာလည်း ဖြစ်နေတာပါ။