မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ခြင်းရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဆီယံတောင်းဆို

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေ ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။

အသင်းဝင် (၁၀) နိုင်ငံအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံတွေက သံတမန်တွေပါ တက်ရောက်ခဲ့တဲ့ လာအိုနိုင်ငံက အစည်းအဝေးတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြီးဆုံးသွားပြီးနောက် ဒီကနေ့ ထုတ်ပြန်တဲ့ အာဆီယံဥက္ကဋ္ဌ ရဲ့ ကြေညာချက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြခဲ့တာပါ။

သွေးထွက်သံယို ပဋိပက္ခတွေ ချက်ခြင်းရပ်ပြီး၊ စာနာမှု အကူအညီပေးနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့လည်း အာဆီယံက တောင်းဆိုခဲ့ပါတယ်။ နိုင်ငံလူဦးရေ ၃ ပုံ ၁ ပုံကျော် လူပေါင်း ၁၈.၆ သန်းလောက်ဟာ စာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ခန့်မှန်းထားတာပါ။

အာဆီယံအသင်းဝင်တွေ ပါဝင်နိုင်ခြေရှိတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတခုကို ဒီနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမယ့် အစီအစဉ်ကိုလည်း အာဆီယံက ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့ရာက နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့တာပါ။

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပေမဲ့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ဘဲ ပျက်ကွက်မှုအတွက်လည်း စစ်ကောင်စီ တာဝန်ရှိသူတွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ကန့်သတ်ထားပါတယ်။