ကန်-အာဆီယံ ထိပ်သီးညီလာခံမှာ လူ့အခွင့်ရေးကိစ္စ တောင်းဆိုဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့က Sunnylands မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို တနင်္လာနေ့က သမ္မတ ဘရက်ခ် အိုဘားမား လက်ခံကြိုဆိုချိန်မှာပဲ - ထိပ်သီးညီလာခံ အပြင်ဘက်မှာရှိနေကြတဲ့ ဆန္ဒပြသူတွေက - ခေါင်းဆောင်တွေဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ လူ့အခွင့်အရေးကိစ္စက ဦးစားပေး ထည့်သွင်းဖို့ တိုက်တွန်းခဲ့ကြပါတယ်။

သမ္မတ အိုဘားမားကတော့ နှစ်ရက်ကြာ ကျင်းပမယ့် ဒီထိပ်သီးညီလာခံကို တက်ရောက်လာကြတဲ့ အာဆီယံခေါင်းဆောင်တွေကို - ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ချိန်ခွင်လျှာညှိမယ့် အမေရိကန်အစိုးရရဲ့ နိုင်ငံခြားမူဝါဒတွေကို ပြောဆိုခဲ့တာပါ။

ဒီလိုဆောင်ရွက်ရာမှာ ဒေသတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမှာ အရေးပါတဲ့ အရှေ့တောင်အာရှနဲ့ ASEAN အသင်းဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အပြင် နိုင်ငံတိုင်းကလိုက်နာနိုင်တဲ့ ဒေသဆိုင်ရာ သဘောတူညီချက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နိုင်ရေး ဘုံရည်မှန်းချက်တွေ ပါဝင်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။

ထိပ်သီးညီလာခံကို ရာနဲ့ချီပြီးဆန္ဒပြကြသူတွေထဲမှာ နှစ်ပေါင်း ၃၀ ကြာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား နိုင်ငံက လူအများစု ပါဝင်သလို၊ ဗီယက်နမ်ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ လာအိုနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လွတ်လပ်မှု အပြည့်အဝရှိတဲ့ အမေရိကန်ပြည်ထောင်စုကို Prayut Chan-o-cha လို ထိုင်းနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းအနေနဲ့ လာရောက်ဖို့ မသင့်ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။