ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မလေးရှားနိုင်ငံက သဘောမတူဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ လက်တေ့ွအခြေအနေကို မှားယွင်းစွာဖော်ပြထားတဲ့အတွက် ဒီကြေညာချက်ဟာ မလေးရှားရဲ့ သဘောထားမပါဝင်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တခြားအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးခဲ့ပေမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano ရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီအချက်တွေ မပါဝင်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အရပ်သားတွေသေဆုံး၊အိုးအိမ်တွေ ပျက်ဆီး၊အမြောက်အများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်မှုခံရတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ရိုဟင်ဂျာတွေပါတယ်ဆိုတာကို အာဆီယံကြေညာချက်ထဲမှာ ထည့်သွင်းပြောထားခြင်းမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ကဆိုပါတယ်။
သြဂုတ် လ ၂၅ ရက်နေ့က လုံခြုံရေးစခန်းတွေအပေါ် တိုက်ခိုက်မှုကို မလေးရှားက ရှုတ်ချပေမဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဖက်က တုံ့ပြန်ဆောင်ရွက်မှုတွေဟာ အချိုးမမျှဘူးလို့လည်း ဆိုပါတယ်။ နယူးယောက် မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံလာတက်ကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား ရခိုင်ပြည်နယ်အရေးကိစ္စကို တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်း၊ တည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိနိုင်ဖို့နဲ့ ဒုက္ခရောက်နေသူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ဦးစားပေးဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
Your browser doesn’t support HTML5