မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အပေါ် အင်ဒိုနီးရှားစိတ်ပျက်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi

Zawgyi/Unicode

အရှေ့တောင်အာရှအသင်းကြီးကချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တစုံတရာ ထူးထူးခြားခြား တိုးတက်လာအောင် လုပ်ဆောင်တာမတွေ့ရတဲ့အတွက် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ အများစုက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ပျက်ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား တုံ့ပြန်ဆောင်ရွက်တာလည်း မရှိဘူးလို့ ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အကန့်အသတ်တွေရှိနိုင်တယ်လို့ စစ်ကောင်စီဘက်ကပြောဆိုထားပါတယ်။ တရားဥပဒေအရ အမှုရင်ဆိုင်နေရ သူများနှင့်တွေ့ဆုံရေး စီစဉ်ပေးဖို့ ကန့်သတ်ချက်တွေရှိ နိုင်ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ သဘောတူညီချက် ၅ ချက်ထဲက နံပါတ် ၅ အချက်မှာ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် သွားရောက်တဲ့အခါ ပဋိပက္ခအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နေသူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၅၀၅ (ခ) အပါအဝင် အဂတိလိုက်စားမှု၊ သဘာဝဘေးအန္တရယ် ကာကွယ်ရေး ဥပဒေ ချိုးဖေါက်မှု၊ ဆက်သွယ်ရေးပစ္စည်းတရားမပိုင်ဆိုင်မှု၊ စသည်ဖြင့် အမှုပေါင်း ၁၁ နဲ့စွဲဆိုထားပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာ နောက်ထပ် အဂတိလိုက်စားမှု စွဲချက်နဲ့ အမှု ၃ မှုထပ်တိုးဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောဆိုပါတယ်။ ဒီအမှု ၃ မှု ထပ်တိုးရင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ စုစုပေါင်း အမှုဟာ ၁၄ ခုရှိသွားမှာဖြစ်ပါတယ်။ လောလောဆယ် စွဲဆိုထားတဲ့အမှု ၁၁ မှုအတွက်တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေးနဲ့ သောကြာနေ့တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမ်းမာရေးအခြေအနေကြောင့် အခုလို နေ့စဉ်ရက်ဆက်နီးပါး တရားရင် ဆိုင်နေရတာတွေကို ရက်လျှော့ချပေးဖို့ရှေ့နေတွေကနေတဆင့် တနင်္လာနေ့မှာပဲ တရားရုံးကိုတင်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အပေါ် အင်ဒိုနီးရှားစိတ်ပျက်


=======

Unicode








#MyanmarMilitaryCoup #MyanmarASEAN #MyanmarIndonesia #MyanmarPeace #VOABurmese