မြန်မာကို အာဆီယံထဲကထုတ်ပယ်ဖို့မရှိ 

Indonesia ASEAN

[[Zawgyi/Unicode]]


မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိတဲ့အပေါ် စိတ်ပျက်ပေမယ့် ထုတ်ပယ်ဖို့အထိတော့ စဉ်းစားမထားပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကဖယ်ထုတ်ဖို့ ဆွေးနွေးခဲ့တာမရှိပါဘူး။ ဆွေးနွေးမှုတွေအားလုံးက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးရဲ့အဆိုပြု ပြောဆိုမှုတွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာပါ” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Sidharto R. Suryodipuro က ပြောသွားတာပါ။

အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိသလို တိုးတက်မှုရှိမလာတဲ့အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retna Marsudi က မနေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကတော့ မြန်မာနိုင်ငံအတွင်းကပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးမှာ အကြီးအကျယ် စိတ်ရှည်သည်းခံဖို့နဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့လိုကြောင်း ပြောဆိုပါတယ်။

စိတ်ပျက်တာတွေ ကြုံရပြီး ပြဿနာတွေကို ပစ်ထားလိုက်ချင်ပေမယ့် အရှုံးပေးလိုက်ဖို့ကို စဉ်းစားမှာမဟုတ်ကြောင်း၊ အပြစ်မဲ့ မြန်မာပြည်သူတွေ အတိဒုက္ခ ကာလရှည်ကြာခံစားရမှာကို ပစ်ပယ်မထားနိုင်ကြောင်း Prak Sokhonn မနေ့က မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံအရေး အားလုံးလက်တွဲ ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖေါ်နိုင်ရေး ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ကြတာပါ။

အကြမ်းဖက်မှုတွေအဆုံးသတ်ရေးမှာ ခိုင်မာတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အစီအစဉ်တွေ မြန်မာနိုင်ငံဘက်က ချမှတ် ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူပေမယ့် အချိန်ကာလ သတ်မှတ်ချက်ကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြေညာချက်မှာတော့ လာမယ့် နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက် ဖနွမ်းပင် မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့ရေးနောက်တဆင့် ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးမယ့် အကြောင်း ပါရှိပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ စိတ်မပျက်သင့်ဘဲ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့၊ မြန်မာနိုင်ငံကိုကူညီရေးမှာ သန္နိဋ္ဌာန် ပိုမိုခိုင်မာဖို့လိုကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn က ပြောဆိုပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

မြန်မာကို အာဆီယံက ထုတ်ပယ်ဖို့မရှိ .mp3

===============

[[Unicode]]








