[[Zawgyi/Unicode]]
အာဏာစသိမ်းခဲ့တဲ့အချိန်ကစလို့ မတည်ငြိမ်မှု၊ ဆူပူမှုတွေနဲ့ ကပ်ရောဂါတွေကြောင့် အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ အရေးပေါ်ကာလ သက်တမ်းတိုးထားတဲ့ ၆ လအတွင်း စီးပွားရေးဦးမော့အောင် လုပ်သွားမယ်လို့ ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌရဲ့ နိုင်ငံအခြေပြု မိန့်ခွန်းအပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ တုံ့ပြန်ချက်တွေ ရန်ကုန်ကစုစည်း တင်ပြတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁ ရက်နေ့ ဒီကနေ့မှာ ၁၈ လကြာ အာဏာသိမ်းထားချိန်အတွင်း နိုင်ငံနဲ့ပတ်သတ်တဲ့ အခြေအနေတွေကို နိုင်ငံအခြေပြု မိန့်ခွန်းပြောဆိုတာမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ငြိမ်းချမ်း ရေးဆိုင်ရာတွေကို မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုနှစ်ထဲ အာဆီယံ ဘုံသဘောတူညီချက်တွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်သွားမယ်ဆိုတာကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ဒုတိယလှိုင်းနဲ့တတိယလှိုင်းပြင်းထန်စွာခံစားခဲ့ရပြီး ကိုဗစ် ၁၉ ကပ်ဘေးက ကျော်လွှားဖို့ အပြင်းအထန်ကြိုးပမ်းနေရသလို ပြင်းတွင်းဆူပူအကြမ်းဖက်ဆန္ဒပြမှုတွေကို ဖြေရှင်းဆောင်ရွက်နေ လို့၊ နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီဖို့ အခက်အခဲရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ တည်ငြိမ်လာတာဖြစ်လို့ ဘုံသဘောတူညီချက်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေကို အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက် သွားပါမယ်။”
တချိန်တည်းမှာပဲ ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံတော်အချုပ် အခြာအာဏာကို ထိပါးမှုမဖြစ်အောင် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အာဆီယံမူဘောင် (၅) ချက်ထဲမှာ ပါဝင်တဲ့ လက်ရှိနိုင်ငံရေးပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တွေ့ဆုံသင့်သူတွေနဲ့ ဆွေးနွေးအဖြေရှာတယ်ဆိုတဲ့အချက်ဟာ ဖြစ်နိုင်ခြေနည်းပေမယ့် အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးတဲ့အစီအစဉ်ကတော့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“နောက် ၆ လအတွင်း နိုင်ငံရေးအရ အပြောင်းအလဲပေါ့- အပြောင်းအလဲဆိုတာက မတွေ့ဘူး၊ မဆွေးနွေးဘူး၊ အဓိကအားဖြင့်တော့ တိုင်းရင်းသားလက်နက်ကိုင်၊ အာဆီယံက တွေ့စေချင်တာက အခုပဋိပက္ခဖြစ်လာတဲ့ ပဋိပက္ခအသစ်ပေါ့ဗျာ NUG ၊ PDF တို့နဲ့ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့၊ အဲဒါနဲ့ပတ်သက်လို့ မတွေ့ ဘူး၊ မဆွေးနွေးဘူးဆိုတာကနေ အပြောင်းအလဲလုပ်မယ်ဆိုတဲ့ သဘောပေါ့။ တိုက်ရိုက်အားဖြင့် NUG ၊ PDF နဲ့ ဆွေးနွေးဖြစ်ချင်မှဆွေးနွေးမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာဖြစ်ချင်ဖြစ်လာမယ်၊ အာဆီယံလိုလားတဲ့ အခြေအနေဖြစ် လာနိုင်မယ်လို့ ယူဆရတယ်။”
မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာမှုရှိတယ်ဆိုတဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌက သူ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ပေမယ့် အခုချိန်ထိ အာဆီယံဘုံ သဘောတူညီချက် (၅) ချက်ကို အကောင် အထည် ဖော်မှုအားနည်းတာနဲ့ ဥပဒေနဲ့မညီတဲ့ သေဒဏ်စီရင်မှုကို နိုင်ငံတကာဘက်ကကော အာဆီယံနိုင်ငံတွေကပါ ပြစ်တင်ရှုံခဲ့ကြပါတယ်။
ဒါကြောင့်လည်း စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ကိုယ်စားပြုသူကိုမဖိတ်ဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားပါတယ်။
အရေးပေါ်ကာလသက်တမ်း တိုးထားတဲ့ ၆ လတာ ကာလအတွင်း စီးပွားရေးတိုးတက်ဖို့၊ ချေးငွေတွေထုတ်ချေးဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုပေမယ့် လက်ရှိ စစ်ကောင်စီချမှတ်ထားတဲ့ စီးပွားရေးအစီအစဉ်နဲ့ပတ်သက်လို့ ပညာရှင်တွေဘက် ဝေဖန် ပြောဆိုနေသလို မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အကျဘက်ကို ဦးတည်နေတယ်လို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ စီးပွားရေးပေါ်လစီနဲ့ပတ်သတ်လို့ ပြည်တွင်း စီးပွားရေးပညာရှင်တဦးက အခုလို့ သုံးသပ်ပါတယ်။
“ဘယ်တုန်းကမှစစ်တပ်လုပ်တဲ့ စီးပွားရေးကမအောင်မြင်ခဲ့ဘူး၊ မအောင်မြင်တဲ့အပြင် ကျဆုံးခဲ့တာပဲ ရှိတယ်။ အခုကတော့ အဆိုးဆုံးအခြေအနေလို့ ပြောလို့ရမယ်။ စီးပွားရေးနဲ့ပတ်သက်လို့ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးပိုင်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းလျှောက်တာမရှိခဲ့ဘူး။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အာဏာတည်မြဲရေးအတွက် ဘာကိုမဆိုလုပ်နေတဲ့ကာလမှာ တရားဥပဒေမရှိ တိုင်းပြည်မှာ တနှစ်ခွဲလောက်အတွင်း အများကြီး ကမောက်ကမ ဖြစ်သွားတယ်။ ယုံကြည်မှုတွေလည်းအများကြီးပျောက်ချိန်မှာ ဒီလိုအချိန်မှာ သူ့ကဏ္ဍနဲ့သူရပ်တည်နိုင်တဲ့ အလုပ်တွေတောင် ရပ်ကုန်ပြီ။ ဘယ်လောက်ပျက်မလဲဆိုတာ ပြောရင်တောင်နည်းနည်းအဓိပ္ပါယ်ရှိမယ်။”
စစ်ကောင်စီဥက္ကဋ္ဌကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကျော့ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။
Your browser doesn’t support HTML5
မတည်ငြိမ်မှုနဲ့ ကပ်ရောဂါကြောင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်မဖော်နိုင် (စစ်ကောင်စီဥက္ကဋ္ဌ).mp3
==================
[[Zawgyi/Unicode]]