ကြက်ငှက်တုပ်ကွေး အာရှမှာ ပြန်ဖြစ်နိုင်

ကြက်ငှက်တုပ်ကွေး အာရှမှာ ပြန်ဖြစ်နိုင်

အာရှတိုက်နဲ့ တခြားနေရာတွေမှာ ပျံ့နှံ့နေတဲ့ အသွင်ပြောင်း ကြက်ငှက်တုပ်ကွေး ရောဂါပိုး မျိုးကွဲတခု အပါအဝင် ကြက်ငှက်တုပ်ကွေးရောဂါ ပြန်ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

လက်ရှိ ကာကွယ်ဆေးတွေကို ခုခံနိုင်စွမ်း ရှိပုံရတဲ့ H5N1 2.3.2.1 လို့ သိကြတဲ့ ရောဂါပိုး မျိုးကွဲတခုကို တရုတ်နဲ့ ဗီယက်နမ်တို့မှာ တွေ့ထားတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလအတွင်း သေဆုံးသွားတဲ့ ၆ နှစ်အရွယ် မိန်းကလေးငယ်လေး အပါအဝင် ကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် ဒီနှစ်အတွင်း လူ ၈ ယောက် သေဆုံးခဲ့ပြီးပြီလို့လည်း FAO က ပြောပါတယ်။

H5N1 ရောဂါပိုးကို ၂၀၀၃ ခုနှစ်မှာ ပထမဆုံး စတွေ့ခဲ့ပြီး အမြင့်ဆုံး အခြေအနေ ရောက်ခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ နိုင်ငံပေါင်း ၆၃ နိုင်ငံ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာမှ ရောဂါပိုးဖြစ်တဲ့ နိုင်ငံအများစုမှာ အိမ်မွေး ကြက်ဘဲငှက်တွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ရောဂါပိုး ရှင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံက လူတွေမှာ ရောဂါပိုး ဆက်ပြီး ဝင်နေဆဲ ရှိပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေး ရောဂါပိုး သင့်တယ်လို့ သတင်းပို့ခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၈၀၀ လောက် ရှိခဲ့တယ်လို့ FAO က ပြောပါတယ်။