နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေရဲ့ အာရှတိုက်က အကျိုးအမြတ်

နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီး ဖြစ်တဲ့ HSBC ရဲ့ နောက်ဆုံး ဘဏ္ဍာရေးကာလမှာ ထွက်ပေါ်ခဲ့တဲ့ အကျိုးအမြတ်တွေဟာ အာရှဒေသက ဖြစ်ပါတယ်။

နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီး ဖြစ်တဲ့ HSBC ရဲ့ နောက်ဆုံး ဘဏ္ဍာရေးကာလမှာ ထွက်ပေါ်ခဲ့တဲ့ အကျိုးအမြတ်တွေဟာ အာရှဒေသက ဖြစ်ပါတယ်။

သြဂုတ် ၉၊ ၂၀၁၀-အာရှတလွှားက ဖွံ့ဖြိုးတိုးတက်မှုတွေ ကနေ နိုင်ငံတကာ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေ အကျိုးအမြတ်တွေ ရရှိခံစားနေကြရပါတယ်။

နိုင်ငံတကာ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေက မကြာသေးခင်တုန်းကပဲ ဘဏ္ဍာရေး အစီရင်ခံစာတွေကို ထုတ်ပြန်လာရာမှာ သိသိသာသာ တိုးတက်မှုတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီလို တိုးတက်မှုတွေ ရလာဟာလည်း အာရှတလွှားက ဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ်မှာ အခြေခံနေတယ်လို့လည်း ဗွီအိုအေ သတင်းထောက် Heda Bayron က အာရှရဲ့ စီးပွားရေး အချက်အခြာဒေသတခုဖြစ်တဲ့ ဟောင်ကောင်ကနေ သတင်းပေးပို့ပါတယ်။ ဒီသတင်းပေးပို့ချက်နဲ့အတူ အာရှတလွှားနိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တခုဖြစ်တဲ့ HSBC ရဲ့ ဒုတိယ ၃ လပတ် ဘဏ္ဍာရေး အစီရင်ခံစာတွေကို မကြာသေးခင် သီတင်းပတ်တွေမှာ ထုတ်ပြန်ကြရာမှာ အပေါင်းလက္ခဏာတွေ တွေ့မြင်ရပါတယ်။ နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီး ဖြစ်တဲ့ HSBC ရဲ့ နောက်ဆုံး ဘဏ္ဍာရေးကာလမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၆,၈၀၀ အထိ အမြတ်ထွက်ခဲ့တာပါ။ ဒီလို ရလာဒ်တွေ ထွက်ပေါ်လာတာဟာ အရေးပါတဲ့ အပြောင်းအလဲတခုဖြစ်တယ်လို့ မကြာသေးခင်တုန်းကမှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဌာနချုပ်ရုံးကနေ ဟောင်ကောင်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ HSBC ဘဏ်ကြီးရဲ့ အမှုဆောင် အရာရှိချုပ် မိုက်ကယ် ဂေဂန် (Michael Geoghegan) ကပြောပါတယ်။

“အာရှတိုက်ဟာ အကျိုးအမြတ်ရနိုင်တဲ့ အခြေခံကျောရိုးအဖြစ်နဲ့ ရှိနေဆဲပါ။ ဖွံ့ဖြိုးတိုးတက်မယ့် တကယ့် အခွင့်အလမ်းကောင်းတွေ မြင်နေရတာကတော့ အာရှမှာပဲ ဖြစ်ပါတယ်။”

HSBC ဘဏ်ကြီးရဲ့ ဟောင်ကောင်က လုပ်ငန်းတွေက အမြတ်အစွန်းရတဲ့ ပမာဏဟာ ၁၃ ရာခိုင်နှုန်း တိုးလာသလို၊ အာရှ တလွှားကရတဲ့ ဝင်ငွေဟာလည်း ၃၆ ရာခိုင်နှုန်း တက်လာခဲ့တာပါ။ ဒီလိုပဲ ထင်ရှားတဲ့ နောက်ထပ် နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီး တခုဖြစ်တဲ့ Standard Chartered ဘဏ်ကြီးရဲ့ ဒုတိယ ဘဏ္ဍာရေးကာလမှာ ရခဲ့တဲ့ အမြတ်အစွန်း ဒေါ်လာသန်းပေါင်း ၃,၁၂၀ ရှိတဲ့အထဲက ၇၃ ရာခိုင်နှုန်းဟာ အာရှတိုက်က ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး သုတ်ဆေးနဲ့ တခြားဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်တဲ့ Akzo Nobel ကလည်း သူ့ရဲ့ ဒုတိယဘဏ္ဍာရေးကာလမှာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ အာရှတိုက်ကနေ အမြတ်အစွန်းတွေ ရခဲ့တဲ့နေရာမှာ အရင်နှစ်ကထက် ၇၆ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၃၅၁ သန်းအထိ ရှိခဲ့တာပါ။ ဒတ်ချ်ကုမ္ပဏီ Akzo Nobel ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဟန်းစ် ဗိုင်ယာစ် (Hans Wijers) ကတော့ စီးပွားရေး အချက်အခြာကျတဲ့ ဒေသကနေ အကျိုးအမြတ်တွေ ထွက်ခဲ့ပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သက်ရောက်မှုတွေ ရှိတဲ့နေရာမှာ ရောက်နေသလို၊ သက်ရောက်မှုတွေ ရှိနိုင်တဲ့နေရာမှာ ရောက်နေတာပါ။”

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ ဒီနှစ်ထဲမှာ အာရှတလွှား စီးပွားရေး အရှိန်အဟုန်ကောင်းနေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လိမ့်မယ်၊ အိန္ဒိယနိုင်ငံကတော့ ၉ ရာခိုင်နှုန်းကျော်မယ်လို့ ကြိုတင်ဟောကိန်း ထုတ်ထားပါတယ်။ အာရှက ဒီလို အရှိန်အဟုန်ကောင်းနေချိန်မှာပဲ အမေရိကန်မှာတော့ စီးပွားရေး တိုးတက်မှုဟာ ၃ ဒဿမ ၃ ရာခိုင်နှုန်း၊ ဥရောပကတော့ တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒါဟာလည်း ကမ္ဘာနဲ့အဝန်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက်၊ အမေရိကန်နဲ့ ဥရောပတိုက်တို့က ဝယ်လိုအားတွေ အားနည်းနေဆဲ ဖြစ်ပေမဲ့၊ အာရှတိုက်မှာ လူဦးရေ တိုးပွားလာတာ၊ လူလတ်တန်းစားတွေ များလာတာနဲ့အမျှ၊ ရင်းနှီးမြုပ်နံှမှုတွေ အားကောင်း လာတာမို့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေအတွက် စီးပွားရေး ဖွံ့ဖြိုးမယ့် အလားအလာတွေ ပိုပြီးခိုင်မာလာတဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီအတွက်လည်း အာရှတိုက်ကို မျက်စေ့ကျလာတဲ့ နိုင်ငံတကာ လုပ်ငန်းကြီးတွေက စီးပွားရေး ချဲ့ထွင်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေကြတာပါ။

အမေရိကန်က ဧရာမ ကုန်ထုတ်လုပ်မှုလုပ်ငန်း တခုဖြစ်တဲ့ Procter and Gamble ဟာ ဆိုရင်လည်း တရုတ်အစိုးရနဲ့ ပူးတွဲပြီး ကျေးရွာပေါင်း ၁၀,၀၀၀ မှာ ကွန်ယက်ဖြန့်ပြီး လုပ်ငန်းတွေ ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်အကဲခတ်သူတွေကို ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ Bob McDonald က မကြာသေးခင်ကပဲ ရှင်းပြခဲ့တာပါ။

“စီးပွားရေးလုပ်ငန်းတွေ ဘယ်တုန်းကမှ မရှိခဲ့ဘူးသေးတဲ့နေရာတွေမှာ စီးပွားရေး အခြေအနေတွေ ဖန်တီးပေးသွားဖို့နဲ့ တရုတ်နိုင်ငံက ဝယ်ယူစားသုံးသူတွေထံကို ကျနော်တို့ကုန်တွေ ပိုပြီးရောက်နိုင်အောင်လို့ တရုတ်နိုင်ငံ ကျေးလက်ဒေသတွေကို ဖြန့်ချီမှုတွေကို ကျနော်တို့ တိုးချဲ့သွားမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့်၊ သေချာတာကတော့ ကျနော်တို့ကုန်တွေကို သုံးမယ့်သူတွေ ပိုတိုးလာအောင် ဖန်တီးနိုင်မယ်၊ နောင်လာမယ့် ၅ နှစ်အတွင်း ကျနော်တို့ရည်မှန်းထားခဲ့တဲ့ ဝယ်ယူစားသုံးသူ သန်း ၅ ထောင် ရဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အခုတော့ ဒီရည်မှန်းချက်က ၄ နှစ်ပဲ ကျန်ပါတော့တယ်။”

HSBC ဘဏ်ရဲ့ ဟောင်ကောင်ဌာနခွဲက အမှုဆောင် အရာရှိချုပ် ဂေဂန် ကတော့ အာရှတိုက်မှာ သန်းကြွယ်သူဋ္ဌေးတွေ တိုးလာတာ၊ တရုတ်ကုမ္ပဏီတွေ ပြည်ပမှာ ချဲ့ထွင်လုပ်ကိုင်လာတာတွေက သူတို့ရဲ့ ဘဏ်လုပ်ငန်းလို နိုင်ငံတကာ ကုမ္ပဏီကြီးတွေအတွက် အကျိုးအမြတ်ထွက်ခဲ့တယ်လို့ ပြောပါတယ်။

“တရုတ်ပြည်မကြီးက ပြည်ပကို ချဲ့ထွင်လာတဲ့ ကုမ္ပဏီတွေဟာ ဟောင်ကောင်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆက်ဆံ လုပ်ကိုင်နေတဲ့ နေရာမှာ အသစ်ထပ်တိုးလာတဲ့ ပမာဏရဲ့ ထက်ဝက်လောက်ရှိပါတယ်။ တရုတ်နဲ့ လက်တင်အမေရိကန် နိုင်ငံတွေကြား ကုန်သွယ်ရေး စီးဆင်းမှုတွေ တိုးလာတာကိုလည်း ကျနော်တို့တွေ့နေရတာပါ။”

အာရှတိုက်က အင်ဒိုနီးရှားနိုင်ငံဟာ ဆိုရင်လည်း ပြီးခဲ့တဲ့ ဘဏ္ဍာရေးကာလမှာ မျှော်လင့်ထားတာထက် တိုးတက်ခဲ့တာပါ။ အရှေ့တောင်အာရှမှာ စီးပွားရေး ဒုတိယအကြီးဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြုပ်နှံမှုတွေဟာ ဒုတိယ ၃ လပတ် ဘဏ္ဍာရေးကာလမှာ ၅၅ ဒဿမ ၈ ရာခိုင်နှုန်းနဲ့ ဒေါ်လာသန်းပေါင်း ၅,၇၀၀ အထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးကတော့ ဒီနှစ်ထဲမှာ ၈ ရာခိုင်နှုန်း တိုးလာခဲ့တာမို့ ဒါဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကစလို့ အမြင့်ဆုံးဖြစ်ခဲ့တာပါ။ ဒီနှစ် တနှစ်လုံးအတွက်ဆိုရင်လည်း စီးပွားရေးဖွံ့ဖြိုးမှု ပမာဏဟာ ၇ ဒဿမ ၅ လောက် ရှိမယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ဒီလို အာရှတိုက်မှာ စီးပွားရေး အလားအလာကောင်းတွေ ရှိနေတယ် ဆိုပေမဲ့လည်း ဒေသတခုလုံး အနေနဲ့ တိုးတက်နေတာမျိုးတော့ မဟုတ်ပါဘူး။ အာရှမှာသာမက ကမ္ဘာ့စီးပွားရေးမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာတော့ အလုပ်လက်မဲ့နှုန်း ကြီးထွားနေတာ၊ အဓိကစီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ ကားထုတ်လုပ်မှုတွေ ကျဆင်းနေတာတွေနဲ့အတူ ဘဏ္ဍာရေး ပြဿနာတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီလိုပဲ အာရှမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်နေကြတယ် ဆိုပေမဲ့ ဂျာမဏီနိုင်ငံက ဇိမ်ခံကားထုတ်လုပ်တဲ့ BMW တို့လို တခြားနိုင်ငံတကာ ကုမ္ပဏီကြီးတချို့ကတော့ သတိထားပြီး သူတို့လုပ်ငန်းတွေကို လုပ်ကိုင်နေတာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့ ဒီနှစ် ဒုတိယဘဏ္ဍာရေး ၃ လပတ်မှာ BMW ကုမ္ပဏီက အာရှတိုက်မှာ ရောင်းအား ၅၉ ရာခိုင်နှုန်း တက်ခဲ့တာဖြစ်ပြီး၊ ဒီအထဲက အများစုဟာဆိုရင်လည်း တရုတ်နိုင်ငံကပါ။ ဒါပေမဲ့လည်း သူတို့အနေနဲ့ တရုတ်နိုင်ငံ ဈေးကွက်အပေါ် မှီခိုအားထားလာရတာမျိုး မဖြစ်ချင်ဘူး၊ အမေရိကန်က သူတို့ရဲ့ လုပ်ငန်းတွေကိုသာ အားကောင်းအောင် လုပ်ချင်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။