ကန်လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Carl Risch

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Carl Risch ဟာ ဖေဖေါ်ဝါရီလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီနိုင်ငံ ၃ နိုင်ငံမှာ ရှိတဲ့ ကောင်စစ်ဝန်ရေးရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီနိုင်ငံတွေက နိုင်ငံသားတွေကို ပြန်ပို့ရာမှာ နိုင်ငံတကာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လက်ခံရေး အပါအဝင် ကောင်စစ်ဝန်ရေးရာတွေကို ဆွေးနွေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Risch ဟာ ရန်ကုန်၊ ဘန်ကောက်နဲ့ ဖနုံပင်တွေမှာ ရှိတဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လုပ်ကိုင်ဆောင်ရွက် နေတာတွေကို ပြန်လည် သုံးသပ်ဖို့လည်း စီစဉ်ထားတာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့နဲ့ ကောင်စစ်ရေးရာတွေမှာ ရေရှည်ထိတွေ့ဆက်ဆံဖို့ သန္နိဋ္ဌာန် ချထားကြောင်း လည်း ဖေါ်ပြထားပါတယ်။ ဒီကိစ္စရေးရာတွေထဲမှာ ဗီဇာလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေဖို့၊ ပြည်ပရောက် အမေရိကန်နိုင်ငံသား တွေကို အကာကွယ်ပေးဖို့၊ အမေရိကန်နိုင်ငံသားတွေ ပြည်ပက ကလေးတွေ မွေးစားရေးဆိုင်ရာ အတူလက်တွဲဆောင်ရွက်ဖို့အပြင် သားသမီးတွေကို မိဘတွေက ပြန်ပြီးခိုးယူတဲ့အမှုတွေ ပေါ်မလာအောင်ကာကွယ်ရေးနဲ့ ဖြေရှင်းဖို့ကိစ္စရပ်တွေ ပါဝင်ကြောင်းလည်း ဖေါ်ပြထား ပါတယ်။

Your browser doesn’t support HTML5

ကန်လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်