ကမ္ဘာအဝှမ်း ခိုလှုံခွင့်လျှောက်သူ ၂၅ % နီးပါး တိုးလာ

Asylum trends, 2013 and first half of 2014, UNHCR report

စက်မှုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ ခိုလှုံခွင့်လျှောက်ထားတဲ့သူအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းလောက် တိုးလားခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။ အဲဒီလိုတိုးလာတာရဲ့ အရေအတွက်အများစုဟာ အီရတ်နဲ့ဆီးရီးယားနိုင်ငံတွေက စစ်ပွဲတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

အခုနှစ် ပထမ ၆ လအတွင်းမှာ လူပေါင်း ၃ သိန်း ၃ သောင်းကျော် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ပထမ ၆ လမှာထက် ၂၄ ရာခိုင်နှုန်း ပိုများလာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့သာ ဒီအတိုင်းဆက်ပြီးသွားနေမယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်မှာ ဒုက္ခသည်အရေအတွက်ဟာ ၇ သိန်းလောက်အထိ ရှိလာမှာ ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အများဆုံးဖြစ်ပြီး ၁၉၉၀ ပြည့်လွန် ကာလ ဘော်လ်ကန်စစ်ပွဲတွေပြီးတဲ့နောက် ဒါမျိုးတခါမှ မကြုံခဲ့ရဘူးသေးဘူးလို့ UNHCR က ဆိုပါတယ်။

လာမယ့် လတွေနှစ်တွေအတွင်း ဒုက္ခသည်အဖြစ်ခိုလှုံမယ့်သူတွေ ပိုပြီး များလာဖို့ရှိတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူဦးရေနဲ့ ပတ်သက်ပြီး လက်တွေ့ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ UNHCR အကြီးအကဲ ANTONIO GUTERRES က ပြောပါတယ်။ ခိုလှုံခွင့် လျှောက်ထားသူတွေထဲက ၃ ပုံ ၂ ပုံကျော်ဟာ နိုင်ငံ ၆ နိုင်ငံမှာ ပဲဖြစ်ပြီး အဲဒီနိုင်ငံတွေကတော့ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်၊ ဆွီဒင်၊ တူရကီနဲ့ အီတလီနိုင်ငံတွေမှာဖြစ်တယ်လို့ ကုလသမဂ္ဂပြောပါတယ်။