တရုတ်နိုင်ငံမှာ မြေပြိုမှုကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံး

တိုင်ဖွန်း Gaemi ရိုက်ခတ်မှု

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန် မြေပြိုမှုတွေကြောင့် တောင်ပေါ်ဒေသ ခရီးသွားတွေ အသွားအလာများတဲ့ နေရာက ဧည့်ဂေဟာတခုမှာ လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းက Hunan ပြည်နယ်၊ Yuelin ကျေးရွာက ဧည့်ဂေဟာတခုမှာ ရွှံ့မြေပြိုကျရာက လူ ၂၁ ယောက် ပိတ်မိခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းက ဖော်ပြခဲ့တာပါ။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၂ လက်မ ရွာသွန်းခဲ့တဲ့ဒေသမှာ တောင်ကျရေကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။

မြေပြိုမှုကြောင့် မြေညီထပ် အဆောက်အဦးမှာ ဒဏ်ရာရတဲ့သူ ၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောပေမဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကိုတာ့ မပြောပါဘူး။ အရေးပေါ် ကယ်ဆယ်ရေးတွေကတော့ နောက်ထပ်ပျောက်နေသူတွေ ရှိမယ်လို့ ခန့်မှန်းထားကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း ဝင်ရောက်ပြီး အားပျော့သွားတဲ့ တိုင်ဖွန်း Gaemi ရဲ့ ရိုက်ခတ်မှုအဖြစ် ခန့်မှန်းရတဲ့ မိုးသည်းထန် ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုတွေထဲ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းခဲ့တဲ့ ဖိလစ်ပိုင်မှာတော့ အနည်းဆုံး ၃၄ ယောက် သေဆုံးခဲ့ပြီး၊ ထိုင်ဝမ်မှာတော့ ၁၀ ယောက် သေဆုံးခဲ့ကြောင်းလည်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ထားပါတယ်။