အမေရိကန်မှာ Helene ဟာရီကိန်းမုန်တိုင်းကြောင့် အနည်းဆုံး ၆၄ ဦး သေဆုံး

Helene ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်ဆီးသွားတဲ့ Florida ပြည်နယ်တွင်း တနေရာ (Photo by CHANDAN KHANNA / AFP)

အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Helene ဟာရီကိန်းမုန်တိုင်းကြောင့် လူပေါင်း ၆၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ မုန်တိုင်းနဲ့အတူ မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် ပိတ်မိနေသူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေလည်း ရှိနေပြီး၊ အပျက်အစီးတွေကိုလည်း စတင်ရှင်းလင်းနေကြရတာပါ။

မုန်တိုင်းကြောင့် ဒေါ်လာသန်းထောင်ချီ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသလို၊ လူပေါင်း ၃ သန်းကျော် လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး နောက်ဆက်တွဲ ရေဘေးအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဟာရီကိန်းမုန်တိုင်း Helene ဟာ Florida ပြည်နယ်၊ Big Bend ဒေသကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပြင်းအားအဆင့် ၄ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ နှုန်းနဲ့ ဝင်ရောက်ခဲ့ပြီး၊ Georgia, တောင်၊ မြောက် Carolina နဲ့ Tennessee ပြည်နယ်တွေကို မြန်မြန်ဆန်ဆန် ရွေ့လျားသွားခဲ့တာပါ။

မုန်တိုင်းဝင်ရောက်ရာ လမ်းတလျှောက် သစ်ပင်တွေ အမြစ်ကကျွတ်ထွက်၊ အိမ်တွေပျက်စီး၊ မြစ်တွေ၊ ချောင်းတွေမှာ ရေကြီးပြီး ဆည်ရေတွေ ပေါက်ကျမယ့် အခြေအနေတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ မုန်တိုင်းကြောင့် Florida, Georgia, မြောက် Carolina, တောင် Carolina နဲ့ Virginia ပြည်နယ်တွေမှာ လူအသေအပျောက်တွေလည်း ရှိခဲ့တာပါ။

ဟာရီကိန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့တာကြောင့် အကူအညီတွေ စေလွှတ်ဖို့ သမ္မတ Joe Biden ကလည်း စနေနေ့မှာပဲ ကတိပေးခဲ့ပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြောက် Carolina ပြည်နယ်ကို ကပ်ဘေးသင့် ဒေသအဖြစ် ကြေညာဖို့လည်း သမ္မတက အတည်ပြုလိုက်တာကြောင့် ရေဘေးသင့်သူတွေ ပြည်ထောင်စုအစိုးရရဲ့ အကူအညီတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။