ဥရောပကောင်စီ ဥက္ကဋ္ဌနဲ့ ဒေါ်စုတွေ့ဆုံ

Daw San Suu Kyi and EU Council President Mr. Merman van Rompuy

ဥရောပကို သီတင်း ၂ ပတ်ကြာခရီးစဉ် သွားရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ ဥရောပကောင်စီ ဥက္ကဋ္ဌ Herman van Rompuy နဲ့ တွေ့ဆုံပါတယ်။ စနေနေ့မှာ Belgium နိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံမှာနေထိုင်တဲ့ ဒေါက်တာဒေါ်မိုးမိုးနှင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုစပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဘရပ်ဆဲလ်ကို ၁၉ ရက်နေ့ စနေနေ့မနက်၊ ၇ နာရီ ၂၀ က ရောက်လာတယ်၊ ရောက်ရောက်ချင်းပဲထင်ပါတယ်၊ ဟိုတယ်လ်မှာနေရာချပြီးတော့ EU ကော်မရှင်နာ Jose Barroso တို့နဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ သတင်းစာရှင်းလင်းပွဲပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင် ပြုပြင်ပြောင်းလဲရမယ်၊ ပြုပြင်ပြောင်းလဲခြင်းမရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြီးတော့ Jose Barroso အနေနဲ့ကျကတော့ ဗမာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဥရောပသမဂ္ဂအနေနဲ့ သတိကြီးစွာနဲ့ စောင့်ကြည့် အကဲခတ်နေမယ်လို့ ပြောသွားပါတယ်။ နေ့လည်ပိုင်းကျတော့ Louvain-la-Neuve university ကိုရောက်သွားပါတယ်။ အဲဒီယူနီဗာစတီမှာ ဒေါ်အောင်ဆန်းစုကြည်ကို Doctorate ဘွဲ့ပေးထားပါတယ်။ အဲဒါကို လက်ခံပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် Charity and Confession in Politics in Democracy -ပေါ့။ ဆွေးနွေးပြောကြားသွားပါတယ်။

“စနေနေ့က နန်းတွင်းမိသားစုနဲ့လည်းတွေ့ပါတယ်။ ဘုရင် ဖီးလစ်နဲ့ ကြင်ယာတော် Mathilde တို့နဲ့ တွေ့ဆုံပါသေးတယ်။ ကျမ ဓာတ်ပုံတွေထဲမှာ မြင်ရတာပေါ့လေ။”

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ဘယ်သူနဲ့ တွေ့ဖို့ရှိပါလဲ။

“ဒီနေ့ကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဥရောပကော်မရှင်ဥက္ကဋ္ဌ Herman van Rompuy နဲ့ သီးသန့်တွေ့ဆုံပါမယ်။ ပီးတဲ့အခါကျတော့ နေ့ခင်းပိုင်းမှာ EU ပါလီမန်မှာ မိန့်ခွန်းပြောကြားမယ်လို့ အစီအစဉ်တွေကို ကျမတို့ သိရပါတယ်နော်။”

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ နောက်ဘာတွေလုပ်ဖို့များ သူစီစဉ်ထားတာတွေ ကြားပါသေးလဲ။

“သူ လူဇဲန်းဘတ်ကို သွားပါမယ်။ အဲဒါလည်း တော်ဝင်မိသားစုတွေကနေပြီးတော့ ကြိုဆိုဧည့်ခံပါလိမ့်မယ်။ တွေ့ပြီးတော့ EU ministers တွေနဲ့ ဥရောပသမဂ္ဂဝန်ကြီးများအဖွဲ့နဲ့ တွေ့ဆုံမယ်။ အဲဒါ လူဇန်းဘူးမှာပါ။ မနက်ဖြန်ကတော့လေ။ အင်္ဂါနေ့ကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆာခါ ရော့ခ်ဆုကို လက်ခံရယူပါလိမ့်မယ်။ အဲဒါကတော့ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့မှာပါ။ အဲဒီ ဆာခါရော့ခ်ဆုကို လက်ခံမှာက နေ့လည် ၁၂ နာရီနဲ့ ၁၂ နာရီခွဲကြားပါ။”

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် မြန်မာမိသားစုတွေနဲ့တွေ့ဖို့ရော ရှိပါလားရှင့်။

“ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်က လွန်ခဲ့တဲ့ တစ်လလောက်ကပဲ စပြီးတော့ မမျှော်လင့်ဘဲ သိလိုက်ရတယ်လေ။ ကျမတို့ ဘယ်လ်ဂျီယံနိုင်ငံမှာဆိုရင်တော့ ဗမာက အင်မတန်လူနည်းပါတယ်။ ဗမာက ၂၀၊ ၃၀ ပဲရှိတယ်လေ။ ဟော်လန်နိုင်ငံမှာတော့ ဗမာ အသိုင်းအဝိုင်းက အင်မတန်ကြီးကြီးကျယ်ကျယ်ရှိပါတယ်။ ၅၀၀၊ ၁ ထောင်လောက်လေ။ ဟော်လန်ကအဖွဲ့တွေကလည်း ကျမတို့နဲ့အတူတူပေါ့လေ- လေ့လာပါတယ်။ ဘယ်အချိန်ရောက်လာလို့ ဘယ်အချိန်ရောက်လဲ သိပ်မသိဘူး၊ ကျမတို့ ရန်ကုန် NLD ကိုမေးတော့လည်း အကြမ်းဖျင်းပဲသူတို့သိတယ်လေ။ ဘယ် flight နဲ့ရောက်လာလို့လဲ မသိဘူးအမ။ မနေ့ကနဲ့ တနေ့က တကယ်ရောက်လာမှပဲ ကျမတို့သိရပါတယ်။ နောက်ပြီးတော့ ကျမတို့ Catholique University မှာ ဘယ်လ်ဂျီယံမှာ ဟောပြောတဲ့ပွဲဆိုလို့ရှိရင် ဟောလ်တွေက သူတို့လူတွေ- ဘယ်လ်ဂျီယံ နိုင်ငံရေးအဖွဲ့က လူတွေနဲ့ပဲပြည့်သွားပြီ-တဲ့။ နိုင်ငံရေးနဲ့ ကျောင်းသားတွေပေါ့။ ပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့် ကျမတို့က ဗွီဒီယိုဟောလ်မှာပဲ နေရာရှိမယ်ဆိုတော့ အဲဒီမှာ ဗမာတွေနဲ့ တွေ့မယ့်အစီအစဉ်ကလည်း လွဲသွားပါတယ်။ အင်္ဂါနေ့ကျရင်တော့ Strabourg မြို့၊ ပြင်သစ်မှာ ဗမာအဖွဲ့တွေကို၊ ကျမတို့ Burmese Community ကို ၃၀ ဖိတ်ထားပါတယ်။ ဒါက ပြင်သစ်က ဗမာ Community က စီစဉ်ပေးချက်အရပါ။ တနိုင်ငံကို ငါးယောက်ပေါ့လေ။ ဘယ်လ်ဂျီယံ ငါးယောက်၊ ဟော်လန် ငါးယောက်ပေါ့လေ။ သူတို့ Schedule တွေကလည်း နော်ဝေမိသားစုတွေရော၊ ကျမတို့ မြောက်ပိုင်းမှာနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရကြပါဘူး။”

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဆာခါရော့ခ်ဆု ယူပြီးလို့ရှိရင် ဘာတွေလုပ်ဖို့များစီစဉ်ထားတာရှိလဲ။ နည်းနည်းပြောပြပေးပါလား။

“ဒေါ်အောင်ဆန်းစုကြည် ဆာခါရော့ခ်ဆု ယူပြီးသွားရင်တော့ အင်္ဂလန်နဲ့ အိုင်ယာလန်ကို သွားပါလိမ့်မယ်၊ အိုင်ယာလန်သွားပြီးရင် အီတလီကို ပြန်လာမယ်ပြောပါတယ်။ ဗမာ့ဒီမိုကရေစီရေးကို အမြဲတမ်းထောက်ခံအားပေးခဲ့တဲ့ လေးနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် လာပါ့မယ်-တဲ့။”

ဒါကတော့ ဘယ်လ်ဂျီယံနိုင်ငံမှာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြခဲ့တာပါ။