{{Zawgyi/Unicode}}
ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ အဆောက်အဦးနဲ့ မြေနေရာရယူမှုတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို ထပ်မံစွဲဆိုထားတဲ့ အဂတိမှုအတွက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရားလိုစစ်ဆေးကြားနာမှုလုပ်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ပတ်သက်လို့ ဒီကနေ့ တရားရုံးစစ်ဆေးမှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်းထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ အဆောက်အဦးနဲ့ မြေနေရာရယူမှုမှာအဂတိလိုက်စားမှုရှိခဲ့တယ်ဆိုတဲ့ စွဲချက်ကို နေပြည်တော်အထူးတရားရုံးမှာ ပြောင်းရွေ့စစ်ဆေးဖို့ တရားရေးဖက်က ခွင့်ပြုလိုက်တာကြောင့် လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်စစ်ဆေးမှုတွေ လုပ်မှာဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ တရားလိုကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေလိုက် ရှေ့နေတဦးက ပြောပါတယ်။
“လာမယ့်သောကြာနေ့ ၁၀ ရက်နေ့မှာ အခုနပြောတဲ့ ရန်ကုန်ကပြောင်းထားတဲ့အမှု ပုဒ်မ ၂၅ ကို စစ်ပါမယ်။ ရန်ကုန်က တမှုတည်းပဲ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းပဲ၊ ဟုတ်ကဲ့။”
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု ၄ မှုအတွက် သောကြာနေ့တိုင်း နေပြည်တော် အထူးတရားရုံးမှာ ဆက်လက်ကြားနာစစ်ဆေးနေတာမှာ ဒီနေ့ ဒီဇင်ဘာ ၃ ရက်မှာတော့ အမှု ၁ ခုအတွက်ပဲ ကြားနာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဆက်စပ်တဲ့အမှုဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။
“ဒီနေ့က အမှုနံပါတ် ၂ လေ ၊ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို စွဲတဲ့အမှု။ တရားလိုပြသက်သေ သုံးယောက်ကို စစ်ပါတယ်။ ....အဲဒီတမှုလေးပဲ သက်သေသုံးယောက်စစ်တယ်။ ထူးခြားတာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် သူတို့သက်သေသုံးယောက်စစ်တာ ဒေါ်အောင်ဆန်းစုကြည်မှာ ငြိစွန်းတဲ့အချက်တွေ မရှိပါဘူးဗျ။ ”
ဦးဖြိုးမင်းသိန်းဆီကနေ ရွှေ့နဲ့ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဒီအမှုမှာ ဒီကနေ့တော့ဦးဖြိုးမင်းသိန်းရဲ့အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ သူ့ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူဖြစ်သူ ဒေါ်ဝေဝေသန်းတို့ကို တရားရုံးက ကြားနာစစ်ဆေးခဲ့ပါတယ်။ တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုခဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြန်လှန်မေးခွန်းတွေ မေးခဲ့ကြပါတယ်။
ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို မိုင်းဖုန်းဆရာတော်က ချီးမြှင့်တဲ့ ဘုရားဆင်းတုတော်တဆူ ပေးအပ်ခဲ့တာကို ပင့်ဆောင်ဖို့ ညွှန်ကြားကြောင်း ထွက်ဆိုချက်နဲ့ပတ်သက်လို့ သူမ လာရောက် ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ဒေါ်ဝေဝေသန်းက သူ့အနေနဲ့ ဘုရားဆင်းတုတော်ကို ဒေါ်အောင်ဆန်းစုကြည်က ပင့်ဆောင် ခိုင်းတာကြောင့် ယူဆောင်ပြီး ထားပေးခဲ့ကြောင်းနဲ့ တခြားဘာပစ္စည်းမှ မမြင်တွေ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဖြေကြားခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို တားဆီးမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်ထားတာကြောင့် ကြားနာပွဲ အသေးစိတ်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာ ၂ ခု ရယူခဲ့မှုနဲ့လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို စွဲဆိုထားတဲ့အဂတိမှု ၃ မှုကိုတော့ ဒီကနေ့စစ်ဆေးနိုင်တာမရှိခဲ့ပါဘူး။ အဲဒီအဂတိမှုတွေကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းစစ်ဆေးနေတာမို့ နောက်ဒီဇင်ဘာ ၁၀ ရက်နေ့ကို ရုံးချိန်းထပ်ပေးထားပါတယ်။
သဘာဝဘေးရန်ပုံငွေထဲကနေ ရဟတ်ယာဉ်ဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း စစ်ကောင်စီရဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရဲစခန်းမှာ ထပ်မံအမှုဖွင့်ထားပေမယ့် တရားရုံးကနေ သက်ဆိုင်ရာ ရှေ့နေတွေကို ဒီအမှုနဲ့ပတ်သက်လို့ အကြောင်းကြားတာမျိုးမရှိသေးပါဘူး။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုခံထားရပြီး အမှု၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။ ရင်ဆိုင်နေရတဲ့အမှု ၁၁ မှုထဲက ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေး ပုဒ်မ ၂၅ တမှုတို့ကိုတော့ လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အမိန့်ချဖွယ်ရှိပါတယ်ရှင်။
Your browser doesn’t support HTML5
===========
{{Unicode}}
#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese