{{Unicode}}
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု လေးမှုအတွက် သောကြာနေ့တိုင်း နေပြည်တော် အထူးတရားရုံးမှာ ဆက်လက်ကြားနာစစ်ဆေးနေတာမှာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်မှာတော့ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာ နှစ်ခု ရယူခဲ့မှုမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ အမှုနှစ်ခုအတွက် ကြားနာခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒီအမှုနှစ်ခုလုံးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ NLD ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ဒေါ်လာတွေ ပေးထားတယ်ဆိုတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အကူ ဒေါ်ဝေဝေသန်းကို တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုဖို့ တရားရုံးဘက်က ဆင့်ခေါ်မယ်လို့ သိရပါတယ်။ ဘယ်အချိန် ဘယ်ရုံးချိန်းမှာ ဆင့်ခေါ်မလဲဆိုတာတော့ မသိရသေးပါဘူး။ ဒီကနေ့မှာတော့ အဂတိအမှု ၄ မှုထဲက ၂ မှုကိုပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ အဆောက်အဦးနဲ့ မြေနေရာရယူမှုမှာအဂတိ လိုက်စားမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်မှာ တရားစွဲထားတဲ့ အဂတိလိုက်စားမှုကိုလည်း နေပြည်တော် အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ ခွင့်ပြုလိုက်တာကြောင့် အဲဒီအမှုကို လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်ကြားနာစစ်ဆေးဖို့ လုပ်မယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒီနေ့စစ်ဆေးတဲ့ အဂတိလိုက်စားမှုတွေအတွက် နောက်ထပ်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဆက်လက်ကြားနာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေကို သတင်းမပေးရလို့ ပုဒ်မ ၁၄၄ နဲ့ အမိန့်ထုတ်ပြန် တားမြစ်ထားတာကြောင့် ကြားနာပွဲ အသေးစိတ်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေချောင်းနဲ့ ဒေါ်လာတွေ လက်ခံရယူတာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်လုပ်တဲ့ လရောင်တော စီမံကိန်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်နေထိုင်ဖို့ အယ်လ်ပုံစံ အိမ်ဆောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တဦးထဲ အဂတိလိုက်စားမှု နှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။
လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော် ပြည်နယ် နှစ်ခုမှာ မြေနေရာတွေ လျှောက်ထားတဲ့နေရာမှာလည်း လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်ခဲခြင်းမရှိဘဲ ရာထူးအရှိန်အဝါ သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရလက်ထက် နေပြည်တော်က တာဝန်ရှိသူတွေဖြစ်တဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့ အမှု တမှု၊ မြေလျှောက်ထားမှုနဲ့ပဲ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့အမှု တမှုတို့ကိုပါ ရင်ဆိုင်နေရတာပါ။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုခံထားရပြီး အမှု၅ မှုအတွက် စွဲချက် တင်ခံထားရပါတယ်။
Your browser doesn’t support HTML5
==========
{{Unicode}}