EU လုပ်ငန်းရှင်တွေ အသွင်ကူးပြောင်းရေး အားပေးဖို့ ဒေါ်စုတိုက်တွန်း

  • ဇော်ဝင်းလှိုင်

မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ EU ဥရောပသမဂ္ဂအရာရှိတွေကို အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ လူထုကိုအကျိုးပြုတဲ့၊ စစ်မှန်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးဖြစ်အောင်၊ စစ်မှန်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်း လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လိုတယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ မြန်မာနိုင်ငံက လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် အီးယူက အကူအညီပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာနဲ့ အီးယူအရာရှိတွေ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့ အစည်းဝေးအတွင်း အဲ့ဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့အစည်းအဝေး (EU - Myanmar Task Force) ရဲ့ ပထမအကြိမ် ဖိုရမ်ကို နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့ အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ နေပြည်တော်တို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ နိုင်ငံရေး ကဏ္ဍက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကူအညီပေးဖို့၊ စီးပွားရေးကဏ္ဍဖက်က ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရန် အတွက် အီးယူက မြန်မာနိုင်ငံကို အကူအညီပေးဖို့ အတွက်ရည်ရွယ်ပြီး ဒီဖိုရမ်ကို ကျင်းပတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ လူထုကို အကျိုးပြုပြီး စစ်မှန်တဲ့အစိုးရတစ်ရပ် ပေါ်ထွန်းရေးကို အားပေးတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး လုပ်ဆောင်ကြဖို့ ဖွံ့ဖြိုးရေး (Development) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တလာရောက်ပြီး
ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံကိုလာတဲ့အခါ မျက်စိနားတွေဖွင့်ပြီး လာကြပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံချင်ရင် ရှင်တို့ရဲ့ ရင်းနှီးမြုပ်နံှမှုတွေဟာ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးဖြစ်မယ့် အနေအထားကို ဖန်တီး လုပ်ဆောင်ပေးပါ။ နှစ်ဦး နှစ်ဖက် ကျေနပ်မှုရှိတာမျိုးကို ကျမတို့ လိုလားပါတယ်။ အထူးသဖြင့်တော့ ကျမတို့လူထု ကျေနပ်မှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး လိုချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ရင်းနှီးမြုပ်နှံမှုတွေဟာ ကျမတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ လူတွေအလုပ်အကိုင်ရဖို့၊ လစာတွေ တိုးမြင့်ရရှိဖို့အတွက်ဖြစ်ပြီး ချမ်းသာပြီးသားသူတွေ ပိုမိုချမ်းသာဖို့အတွက် မဟုတ်ပဲ အောက်ခြေလူတန်းစာတွေ လူနေမှု အဆင့်အတန်း မြင့်မားလာဖို့ အတွက် ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့လည်း -

"တရားဥပဒေစိုးမိုးမှုမရှိရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမလုပ်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးစုတွေက ဖက်ဒရယ်ပြည်ထောင်စု ကို လိုလားနေပါတယ်။ အဲဒီအချက်ကို ကျမတို့ ဘယ်လိုမှ ရှောင်ရှားလို့ မရနိုင်ပါဘူး။ ပြည်သူလူထုအများစုက လိုလားတောင့်တနေတဲ့အချက်ကို ကျမတို့ ရှောင်ရှားလို့ မရနိုင်ပါဘူး။"

ဖိုးရမ်းမှာ ဖွံ့ဖြိုးရေး (Development) ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (Civil Society) နဲ့ စီးပွားရေး (Business) ဆိုပြီး ကဏ္ဍ ၃ ခုခွဲပြီးကျင်းပတာမှာ NLD ပါတီဥက္ကဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အီးယူရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton တို့က အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အီးယူနိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ကတော့ အီးယူ-မြန်မာ လုပ်ငန်းအဖွဲ့ရဲ့အရေးပါပုံကို အခုလို ရှင်းပြပါတယ်။

"ဒီလုပ်ငန်းအဖွဲ့ဖိုရမ်ဟာ လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ဟာ တရက်၊ နှစ်ရက်ထဲအတွက် မဟုတ်ပါဘူး၊ ဒီဖိုရမ်းဟာ မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေ အားလုံး စုစည်းပြီး မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေ ပြီးမြောက် အောင်မြင်အောင် ကျမတို့ဘက်က သံဓိဌာန်ချ လုပ်ဆောင်ပေးသွားမယ်ဆိုတာကို ပြသဖို့ ဖြစ်ပါတယ်။"

အီးယူခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အထူးသဖြင့်တော့ မြန်မာတွေနဲ့ အတူ လက်တွဲလုပ်ကြမယ့် လုပ်ငန်းရှင်တွေလည်း ခေါ်လာပါတယ်လို့ Catherine Ashton က ပြောပါတယ်။

အီးယူအပါအဝင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို နိုင်ငံတကာ အကူအညီပေးနေတာတွေဟာ ဘယ်လောက်ပဲ ကူညီ ကူညီ ထွက်ပေါ်လာတဲ့ ရလာဒ်ကသာ အဖြေပေးသွားမှာဖြစ်တယ်ဆိုတာကိုလည်း ဖွံ့ဖြိုးမှုကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အထဲ ထည့်သွင်း ဆွေးနွေးဖြစ်ခဲ့တယ် လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဆရာခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

"ပထမဆုံးနေပြည်တော်မှာ လုပ်တဲ့ ဖွံ့ဖြိုးရေးဖိုရမ်မှာကတည်းက ဆရာကပြောတယ်။ ဘယ်လောက် ထည့်တယ်။ ဘယ်မှာသုံးတယ်။ အဲ့တာတွေ မပြောနဲ့ Result နဲ့ပြောပါတဲ့။ Result Base ပေါ့။ Result Base နဲ့ပြောပါဆိုတော့ သူတို့ကလည်း အဲ့တာကိုပြောတယ်။ အခုဝန်ကြီးတွေ တင်ပြတဲ့အထဲ ဘယ်ဟာ ဘယ်လောက်ထည့်တယ်။ ဘယ်ဟာ ဘယ်လောက်သုံးတယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ Result နဲ့ပြောပါ။ ဘယ်ဟာ ဘယ်လောက် အကျိုးရှိတယ်ဆိုတာ။ ဒီအကျိုးရှိတယ်၊ မရှိတယ်ဆိုတာ ရလာဒ်အပေါ်မှာ မူတည်ပြီး တိုင်းသွားရမှာ။ ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်သုံးတယ်ဆိုတဲ့အပေါ်မှာ မူမတည်ဘူးပေါ့နော်။ အဲ့တော့ ရလာဒ်အပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ချက်တွေမြင်ချင်တယ် ဆိုတဲ့ဟာပြောပြတယ်။"

အီးယူ မြန်မာ လုပ်ငန်းအဖွဲ့ဖိုရမ် ရဲ့ တတိယနေ့နဲ့ နောက်ဆုံးဆွေးနွေးပွဲကို မနက်ဖြန် နေပြည်တော်မှာ ဆက်လက် ကျင်းပမှာဖြစ်ပြီး အီးယူတာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ အကြီးအကဲတွေကြား နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။