ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့တွေ့ပြီး ဖြေရှင်းလို့ ဖြစ်နိုင်တယ်လို့ယုံကြည်ရင် မျက်ကန်းယုံကြည်မှု- ဗိုလ်ချုပ်ဇော်မင်းထွန်း

{Zawgyi/Unicode}

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့တောင်းဆိုထားချိန်မှာ မြန်မာနိုင်ငံရဲ့ပြဿနာဟာ လူပုဂ္ဂိုလ် တဦးတစ်ယောက်တည်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာလို့ရတဲ့ ပြဿနာမဟုတ်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်မဖော်သေးတဲ့အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့က ဝေဖန်နေသလို မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့အထိ ဆွေးနွေးမှုတွေရှိနေပါတယ်။ ဒါဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပေါ်ထားတဲ့ အာဆီယံရဲ့မူပြောင်းလဲလာတယ်လို့ မြင်နိုင်ပါသလား... ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ စစ်ကောင်စီအကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားကြတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ပတ်သက်လို့ လက်တေ့ွ အကောင်အထည်မဖော်နိုင်သေးတဲ့အပေါ် အာဆီယံခေါင်းဆောင်တချို့ စိတ်ပျက်နေကြပါတယ်။

ဒါကြောင့် အောက်တိုလာ ၂၆ ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့အထိ ဆွေးနွေးနေကြတယ်လို့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ Brunei နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မြန်မာ့အရေး အာဆီယံ အထူးသံတမန် Erywan Yusof ကပြောကြားခဲ့တာပါ။
သူဟာ မြန်မာနိုင်ငံသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို လူပုဂ္ဂိုလ် တဦးတယောက်တည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာလို့မရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်လိုက်ပါတယ်။

“ကျနော်တို့နိုင်ငံမှာဖြစ်နေတဲ့ ဒီပြဿာနာတွေဟာ လူပုဂ္ဂိုလ်တဦးတယောက်တည်း၊ အဖွဲ့အစည်းတခုတည်းနဲ့ ဖြေရှင်းလို့ ဖြေရှင်းသွားတာမျိုးမရှိဘူး။ အဲဒီတော့ ဒီဟာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့ တွေ့ပြီးဖြေရှင်းပေးလို့ ဖြစ်နိုင်ရင်လို့ ယုံကြည်ရင် အဲဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို့ ကျနော်ပြောချင်တယ်။ ဒါတွေကို ကျနော်ပြောနေတာ အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အလာအရ ဖြေရှင်းလာတဲ့ဟာကိုကြည့်၊ ဒါတွေကို ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက နယ်ပယ်ကျဉ်းမြောင်းလွန်းပါတယ်။ အာဆီယံအစည်းအဝေးမှာ ကျနော်တို့ သဘောတူညီချက် ငါးချက်ရှိခဲ့တယ်။ အဲဒီငါးချက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါပြီးဖြစ်တယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖို့အထိ ဆွေးနွေးနေတယ်လို့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီးတဲ့နောက် အခုလို တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ တိုးတက်မှုမရှိရင် အာဆီယံထိပ်သီးစည်းဝေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ပါဝင်စေဖို့ခက်မယ်လို့ မလေးရှားနိုင် ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း တနင်္လာနေ့က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

တကယ်တော့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား ဝင်မစွက်တဲ့မူကိုလက်ကိုင်ထားတဲ့ အာဆီယံက အခုလို ထိပ်သီးအစည်းအဝေး မဖိတ်တာမျိုးအထိ အရင်က မလုပ်ခဲ့ဖူးပါဘူး။ ဒါဟာ ဘယ်လောက်ထူးခြားပါသလဲ၊ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP) က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

“အာဆီယံက သူရဲ့ Regional Grouping ဒေသဆိုင်ရာ အုပ်စုတခုရဲ့ ဂုဏ်သိက္ခာရှိပါတယ်။ အဲတော့ မြန်မာပြည်အရေးကို ဝင်ရောက်မဆောက်ရွက်နိုင်ဘူးဆိုလို့ရှိရင် သူတို့ရဲ့ဂုဏ်သိက္ခာပါ ကျရတော့မယ့် အနေအထားဖြစ်လာတာပေါ့ဗျာ၊ ဒါကလည်း တချက်ပါ။ နောက်တခုကျတော့ နို်င်ငံတကာ ဆက်ဆံရေးတွေမှာကျတော့ Policy of inaction လို့ခေါ်တာပေါ့ဗျာ၊ ဘာမှမလုပ်ဘဲနေရင်တောင် သူ့အလိုလိုနေရင်းနဲ့ ကာဗာရနေဦးမယ်။ အာဆီယံကိုယ်စားလှယ်ကို လက်ခံတွေ့လိုက်မယ်၊ ပြန်သွားမယ်၊ နောက်တခါ ထပ်လာမယ်၊ ဒါဆိုရင်တောင်မှ မြန်မာအစိုးရဘက်က အချိန်ဆွဲလို့ရသေးတယ်လေ။ အဲလိုရတဲ့ အနေအထားတောင်မှ မလုပ်ဘူးဆိုတဲ့အခါကျတော့ အာဆီယံဘက်က တော်တော်လေးကို ခက်တဲ့အနေအထားရှိတာပေါ့ဗျာ။ နောက်ဆုံးမှာ ဒီလိုစဉ်းစားရတာမျိုးတွေ ဖြစ်လာတာပေါ့။”

မြန်မာနိုင်ငံပြဿနာဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ရဲ့ အဖြေရှာချက်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတာမို့ အာဆီယံဘက်က အရင်အခြေအနေနဲ့ မတူဘဲ ဆောင်ရွက်လာတာလို့လည်း သူက သုံးသပ်ပါတယ်။

“ပြောချင်တာကတော့ ကျနော်မြင်တာ အခု အာဆီယံ Envoy လာဖို့ သိပ်ခက်နေတဲ့ကိစ္စမျိုးပေါ့နော်။ နောက်တခုက ဘာဖြစ်လို့ ညှိနှိုင်းရတာ ဒီလောက်ထိ ခက်နေသလဲဆိုတဲ့ အနေအထားတော့ ကျနော်သေချာမသိဘူး၊ ဒါပေမယ့် မဖြစ်သင့်ဘူးလို့တော့ ကျနော်ထင်တယ်ဗျာ။ အခုအနေအထားမှာ အနောက်နိုင်ငံတွေက လက်ရှောင်ပြီးတော့ အာဆီယံကို မင်း ရှေ့ကလုပ်ပါဆိုပြီးတော့ ခိုင်းနေတာလေ။ အဲအနေအထားမှာ အာဆီယံက အသုံးမကျတော့ဘူးဆိုရင် အနောက်နိုင်ငံက လက်ရှောင်လို့ မရတော့ဘဲ ကိုယ်တိုင်ဝင် အရေးယူရတော့မယ့် အနေအထားဖြစ်လာနိုင်တယ်။”

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတကာကလည်း စစ်ကောင်စီ ခေါင်းဆောင် အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ အချက် ၅ ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကို စောင့်ကြည့်နေတယ်လို့ အမြဲပြောနေသလို အာဆီယံ၊ အာရှဒေသတွင်းနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အခါမှာလည်း ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့တွေ့ပြီး ဖြေရှင်းလို့ ဖြစ်နိုင်တယ်လို့ယုံကြည်ရင် မျက်ကန်းယုံကြည်မှု- ဗိုလ်ချုပ်ဇော်မင်းထွန်း


======

{Zawgyi/Unicode}













